ဂျပန် နိုင်ငံတွင် အရွယ်ရောက် ပြီးသူ ဦးရေ၏ ငါးရာခိုင်နှုန်း နီးပါးမျှသည် လောင်းကစား ခြင်းတွင် ၀ါသနာထုံ စွဲလမ်း နေကြကြောင်း ယင်းနှုန်းသည် အခြားနိုင်ငံ များထက် ငါးဆမျှ မြင့်တက် နေကြောင်း လေ့လာချက် တစ်ရပ်တွင် ဖော်ပြ ထားသည် ဟု သြဂုတ်လ ၂၁ ရက်က အေအက်ဖ်ပီ သတင်းတွင် ဖော်ပြ ထားသည်။
ဂျပန် အစိုးရက အထူးဇုန်များ ထားရှိပြီး လောင်းကစား ရုံများ တရားဝင် ဖွင့်လှစ် ပေးမည့် အငြင်းပွားဖွယ် စီမံကိန်းကို စဉ်းစားလျက် ရှိစဉ် ယင်းလေ့လာချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။ အထူးဇုန် များက နိုင်ငံခြား ဧည့်သည် ရောက်ရှိမှုကို မြှင့်တင် ပေးနိုင်မည်ဟု ပြောဆို ကြသည် များလည်း ရှိနေသည်။ ဂျပန်တွင် ၅ ဒသမ ၃၆ သန်း လူဦးရေ (အရွယ် ရောက်ပြီး သူများ၏ ၄ ဒသမ ၈ ရာခိုင်နှုန်း) သည် လောင်းကစား စွဲ လမ်း သူများ ဖြစ်နေကြောင်း လောင်းကစား မလုပ်ရ မနေနိုင် သလို ဖြစ်နေပြီ ဖြစ်ကြောင်း သုတေသန ပညာရှင် များက ခန့်မှန်းသည်။ အမျိုးသား ထု၏ ၈ ဒသမ ၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ထု၏ ၁ ဒသမ ၈ ရာ ခိုင်နှုန်းသည် လောင်းကစား စွဲနေသည်ဟု ပြောနိုင်ကြောင်း သုတေသနက ထောက်ပြ သည်ဟု မိုင်နီချီ ရှင်ဘွန်း သတင်းတွင် ဖော်ပြ ထားသည်။
များစွာသော နိုင်ငံများတွင် လောင်းကစား စွဲနေသူများ အချိုးသည် လူကြီး လူငယ် ဦးရေ၏ တစ်ရာခိုင်နှုန်း ကျော် သို့မဟုတ် တစ်ရာခိုင်နှုန်း ၀န်းကျင် တွင်သာ ရှိနေရာ ဂျပန်နိုင်ငံ၏ နှုန်းထားမှာ အလွန် မြင့်သည်ဟု သုတေသန အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ သုတေသနကို နိုင်ငံ တစ်ဝန်း အရွယ်ရောက် သူ ၇,၀၀၀ ကို မေး မြန်း၍ လုပ်ဆောင်ခြင်း ဖြစ်ပြီး ၄,၁၅၃ ဦးမှာ ခြေခြေ မြစ်မြစ် အဖြေပေး ခဲ့ကြသည်။
Ref: AFP

0 comments:
Post a Comment