အီဘိုလာ ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်ရင်း ရောဂါကူးစက်ခြင်း ခံလာရသည့် အမေရိကန်သား ဆေးပညာရှင် နှစ်ဦးစလုံး ယခုအခါ ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှ ပြန်ဆင်းလာပြီ ဖြစ်သည်။
အသက်(၃၃)နှစ်ရှိ ဒေါက်တာ ကန့်ဘရန်တလေက အတ္တလန္တာတွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး မိမိတို့ နာမကျန်း ဖြစ်နေစဉ် အတောအတွင်း ဆုတောင်းမေတ္တာ ပို့သခဲ့သူများ၊ ကူညီခဲ့သူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ အခြားလူနာတစ်ဦးဖြစ်သည့် အသက်(၅၉)နှစ်အရွယ် နန်စီဝရိုက်ဘိုလ်သည် ဩဂုတ်(၁၉)ရက် ကတည်းက ဆေးရုံဆင်းခွင့် ရခဲ့သည်။
ယင်းတို့နှစ်ဦးစလုံးသည် အာဖရိက အနောက်ပိုင်းတွင် အီဘိုလာ ရောဂါသည်များကို ကုသမှုပေးရင်း ရောဂါ ကူးစက်ခံလာရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် (၃)ပတ်က ဘရန်တလေရော၊ ဝရိုက်ဘိုလ်တို့ပါ အမေရိကန် ပြန်ရောက်လာပြီး အလေးအနက် စောင့်ကြည့် ကုသမှု ခံယူခဲ့သည်။ ယခုနှစ်တွင် ပျံ့ပွားကူးစက်ခဲ့သည့် အီဘိုလာကြောင့် သေဆုံးသူ အရေအတွက်သည် (၁၃၀၀) ကျော်သွားပြီ ဖြစ်သည်။
“ဒီနေ့ကတော့ အံ့ဩထူးခြားလှတဲ့ နေ့တစ်နေ့ပါပဲ”ဟု ဩဂုတ် (၂၁)ရက်တွင် ဒေါက်တာ ဘရန်တလေက အီမိုရီတက္ကသိုလ် ဆေးရုံ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော် အသက်ရှင်နေသေးတဲ့အတွက် စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်။ အခုဆိုရင် ကျွန်တော် မိသားစုနဲ့ ပြန်ဆုံခွင့် ရလာပြီ။ ကျွန်တော်က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ယောက်ပါ။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့မယ်လို့ မထင်မိခဲ့ဘူး”ဟု ၎င်းက ဆိုသည်။ အောက်တိုဘာလက ဘရန်တလေနှင့် မိသားစုတို့သည် လိုက်ဘေးရီးယားသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က အီဘိုလာဂယက် ရိုက်ခတ်လာမည်ဟု ထင်မှတ်မထားခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။
ဘရန်တလေ၏ မိသားစုသည် အမေရိကန် ပြန်လာပြီးနောက် အာဖရိက တလွှားတွင် အီဘိုလာ ကူးစက်ခဲ့ခြင်း ဖြစ်သည်။ ဘရန်တလေသည် အမေရိကန်သို့ မပြန်သေးဘဲ အီဘိုလာ ရောဂါသည်များကို ဆက်လက် ကုသပေးနေခဲ့သည်။ ဇူလိုင်(၂၃)ရက်တွင် ၎င်း အိပ်ရာမှ နိုးထလာချိန်၌ မကြည်မလင် ဖြစ်နေသည်ကို သတိပြုမိခဲ့သည်။ ထို့နောက်ပိုင်း ကျန်းမာရေး ပိုမိုဆုတ်ယုတ်လာသလို အားလည်း နည်းလာသည်။ ဩဂုတ်(၁)ရက်တွင်မူ ၎င်းသည် အတ္တလန္တာသို့ ပြန်လာပြီး အီမိုရီတွင် အထူးကြပ်မတ် ကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။
ဆေးရုံရှိ ကူးစက်ရောဂါ အထူးကုဆရာဝန် ဒေါက်တာ ဘရုစ်ရစ်ဘ်နာက “ဒေါက်တာ ဘန်တလေ အခုဆိုရင် မိသားစုဆီ ပြန်လို့ ရပါပြီ။ သူဟာ မိသားစုမှာ၊ အများပြည်သူကြားမှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာစိုးရိမ်စရာမှ မရှိဘဲ နေထိုင်နိုင်ပါပြီ”ဟု ပြောကြားခဲ့သည်။ ဘန်တလေနှင့်အတူ ရောဂါကူးစက်ခံရသည့် ဝရိုက်ဘိုလ်၏ ခင်ပွန်းဖြစ်သူက မိမိ၏ ဇနီးသည်လည်း အီဘိုလာဗိုင်းရပ်စ် ကင်းစင်နေပြီဟု အတည်ပြုခဲ့သော်လည်း အလွန်အားနည်းနေသေးကြောင်း ဝန်ခံခဲ့သည်။
ဝရိုက်ဘိုလ်၏ မိသားစုသည် သူမကို ဆေးရုံတွင် ဆက်မထားတော့ဘဲ နေအိမ်တွင်သာ အပြည့်အဝ အနားယူပြီး နာလန်ထလာစေရန် စောင့်ရှောက်သွားမည်ဟု ဆိုသည်။ အီဘိုလာ ရောဂါကို ကုသနိုင်သည့် သတ်သတ်မှတ်မှတ် ဆေးဝါးမျိုး မရှိသေးချေ။ အဆိုပါ ရောဂါသည် ယခင်နှစ်များအတွင်းက ဖြစ်ပွားခဲ့သည့် ရလဒ်များအရ ကူးစက်ခံရပြီးသည်နှင့် သေဆုံးရန် (၉၀)ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိပြီး ယခုနှစ်တွင်မူ ကူးစက်ခံရသူများ၏ (၅၀)မှ (၆၀)ရာခိုင်နှုန်းကြားသာ သေဆုံးသည်အထိ လျှော့ချလာနိုင်ခဲ့ကြောင်း သိရှိရသည်။
_Ref: BBC

0 comments:
Post a Comment