အရှေ့အလယ်ပိုင်းရှိ စစ်သွေးကြွများထံ လက်နက် ထောက်ပံ့ ရောင်းချနေကြောင်း သတင်းများကို မြောက်ကိုရီးယား အစိုးရက ငြင်းဆန်ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
အစ္စရေးနှင့် စစ်ဖြစ်နေသည့် ဟားမားစ်တို့ကို မြောက်ကိုရီးယားက ဒုံးကျည်များ ထောက်ပံ့ပေးနေပြီး ဟစ်ဇ်ဘိုလာ ပြောက်ကျားများကိုလည်း စစ်ဘက် အသုံးအဆောင်များ ပေးပို့နေကြောင်း ဗြိတိန်ရှိ Daily Telegraph သတင်းစာက စတင်ဖော်ပြခဲ့သည်။ အဆိုပါ သတင်းစာက အနောက်နိုင်ငံများမှ ထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကားပြီး အဆိုပါ သတင်းကို ရေးသားခဲ့ခြင်းဟု သိရသည်။
သို့သော်လည်း မြောက်ကိုရီးယား အစိုးရ၏ KCNA သတင်းဌာနက ဂါဇာနှင့် လက်ဘနွန်တို့တွင် အခြေစိုက်သည့် စစ်သွေးကြွ တပ်ဖွဲ့နှစ်ခုထံ လက်နက် ထောက်ပံ့ကြောင်း သတင်းများသည် လုံးဝ အခြေအမြစ် မရှိဘဲ လိမ်လည်ထားခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
“အခြေအမြစ် ခိုင်မာမှု လုံးဝမရှိဘဲ လှည့်ပတ်ရေးသားထားတဲ့၊ ကွေ့ကောက်လှည့်ပတ် စိတ်ကူးယဉ်ထားတဲ့ ဝါဒဖြန့်မှုမျိုးနဲ့ မြောက်ကိုရီးယားကို နိုင်ငံတကာ အသိုက်အဝန်းကနေ ခွဲထုတ်ဖို့ အမေရိကန်ရဲ့ အားထုတ်မှု တစ်ခုသာ ဖြစ်ပါတယ်”ဟူသော မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်ကို ကိုးကား၍ KCNA က သတင်းဖော်ပြခဲ့သည်။
လက်နက် တင်ပို့ရောင်းချခြင်းသည် မြောက်ကိုရီးယား၏ အဓိက ဘဏ္ဍာရေး ရင်းမြစ်တစ်ရပ်ဖြစ်ပြီး ယခင်ကတည်းက ဆီးရီးယား၊ အီရန်တို့နှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ ရှိနေခဲ့သည်။ (၂၀၀၉)ခုနှစ်က မြောက်ကိုရီးယားမှ လက်နက်ပစ္စည်း (၃၅)တန်မျှကို တင်ဆောင်လာသည့် လေယာဉ်တစ်စီးသည် ဘန်ကောက်တွင် အရေးပေါ် အခြေအနေဖြင့် ဆင်းသက်ခဲ့ရပြီး လက်နက်များ သိမ်းယူခံခဲ့ရဖူးသည်။
အဆိုပါ လေယာဉ်သည် အီရန်သို့ ဦးတည်ပျံသန်းရန် ရည်ရွယ်ထားပြီး ထိုမှတစ်ဆင့် ဟစ်ဇ်ဘိုလာ ပြောက်ကျားများထံသို့ ဆက်လက် ပို့ဆောင်ရန် စီစဉ်ထားကြောင်း လုံခြုံရေး တာဝန်ရှိသူများက မှတ်ချက်ပြု ပြောကြားခဲ့ကြသည်။
_Ref: Channelnewsasia
0 comments:
Post a Comment