Wednesday, February 19, 2014

စာပေဟောပြောပွဲ ပိတ်ပင်တားမြစ်မှုများ အရေးယူခံရမည်ဟု အစိုးရပြောပြီ

ခွင့်ပြုမိန့်ဖြင့်ကျင်းပသည့် စာပေဟောပြောပွဲများကို ဟန့်တားပိတ်ပင်ခြင်းများ၊ နှောင့်ယှက် ဖျက်ဆီးမှုများ ရှိလာပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောဆို လိုက်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးနှင့် ဇန်န၀ါရီလအတွင်း ပေါင်းတည်မြို့တို့တွင် ကျင်းပရန် စီ စဉ်ထားသည့် စာပေဟောပြောပွဲအချို့တွင် ပါဝင်မည့် ပုဂိ္ဂုလ်အချို့ကို လူမျိုးရေးဆန်သည့် သဘောထား များဖြင့် သံဃာနှင့် လူတစ်စုက ကန့်ကွက်ခဲ့ကြပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်း ဖြစ်သူ ၎င်းက ပြောခြင်းဖြစ်သည်။

အခြေခံဥပဒေ ပုဒ်မ ၃၄၈ တွင် မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာ နန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရဟု ပြဋ္ဌာန်းထားသည်ကို သတိပြုကြရန်လိုသည်ဟုလည်း ဦးရဲထွဋ်က တိုက်တွန်းခဲ့သည်။

“ဒါကြောင့် လူတစ်ဦးတစ်ယောက်ကို ကိုးကွယ်တဲ့ဘာသာကို အကြောင်းပြုပြီး ဟောပြောခွင့်ပိတ်ပင်ခြင်း ဟာ အခြေခံဥပဒေနဲ့မညီဘူးလို့ ယူဆပါတယ်”ဟု ၎င်းက သုံးသပ်ဖြေကြားသည်။ ထို့ကြောင့် ခွင့်ပြုချက် ဖြင့်ကျင်းပနေသည့် စာပေဟောပြောပွဲကို ၀င်ရောက်နှောင့်ယှက် ဖျက်ဆီးလာပါက တည်ဆဲဥပဒေများ နှင့်အညီ အရေးယူခံရမည်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ပြည်ထောင်စုနေ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် (၈)ရပ်ကွက်၌ ပြုလုပ်မည့်ပွဲတွင် ဟောပြောမည့်သူများအနက် ဘာသာခြားဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားများ၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဝင် ကိုမြအေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီတို့ ပါဝင်မှု ကန့်ကွက်ခံခဲ့ရသည်။

မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂအဖွဲ့ဝင် သံဃာဆိုသူများ ဦးဆောင်ကန့်ကွက်မှုကြောင့် ဟောပြော ပွဲဖျက်သိမ်းရသည်အထိ ဖြစ်သွားခဲ့သည်။ ထို့နောက် မန္တလေးတွင် ဖေဖော်ဝါရီ ၁၃ ရက်၌ ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရပွဲတွင်လည်း ကိုမြအေးပါဝင်ဟောပြော မည်ကို သံဃာအချို့ကပင် ဦးဆောင် ကန့်ကွက်ခဲ့၍ လူစားထိုးခဲ့ရသေးသည်။ ထို့အတူ ဇန်န၀ါရီလအတွင်း ပေါင်းတည် စာပေဟောပြောပွဲကို ဖိတ်ကြားခံရသည့် စာရေးဆရာမ မသီတာ(စမ်းချောင်း)ကိုလည်း မျိုးစောင့်ဥပဒေကို မထောက်ခံ၍ဟု ဆိုကာ ပိတ်ပင်ခဲ့သေးသည်။

ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ကလည်း ဥပဒေဖြင့် ခွင့်ပြုထားသည်ကို ယင်းသို့ နှောင့်ယှက်ဖျက်ဆီးမှုများသည် တရားဥပဒေနှင့် ကိုက်ညီမှုမရှိဟု မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။

“နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ အစိုးရမှာတာ ၀န်ရှိပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ပြောသည်။

ယင်းနှင့်စပ်လျဉ်း၍ ငြိမ်း/ပွင့်ကလည်း ယနေ့တွင် အခြားသောရည်ရွယ်ချက်များဖြင့် ဒီမိုကရေစီကို ဆန့် ကျင်သော လုပ်ရပ်များအဖြစ် သတ်မှတ် သဘောထားသည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်။ ယင်းတွင် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီထွန်းကားရေးလိုလားသော မြန်မာနိုင်ငံသား များက ၀ိုင်းဝန်းကာကွယ်ကြရန်လည်း တိုက်တွန်းထားသည်။

ထိုသို့ စာပေဟောပြောပွဲ ပိတ်ပင်မှုများကို ပုဂိ္ဂုလ်တစ်စုတို့ကသာ ပြုလုပ်သည်မဟုတ်ဘဲ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိအချို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေကြသည်ဟု စာရေးဆရာ မောင်စိန်ဝင်း (ပုတီး ကုန်း)က မဇ္ဈိမကို အသိပေး ပြောဆိုသည်။

ပျော်ဘွယ်မြို့တွင် ယခုလအတွင်း ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲအပြီး နောက်ရက်တွင် မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက ပါဝင်သူသုံးဦးကို ၎င်း၏မြို့နယ်၌ ရာသက်ပန်ဟောပြောခွင့် ပြုမည် မဟုတ်ဟု ပွဲစီစဉ်သူများကို ခေါ်ယူ အသိပေးခဲ့သည်။ စာရေးဆရာများဖြစ်ကြသည့် မောင်စိန်ဝင်း(ပုတီး ကုန်း)၊ ညီပုလေး၊ ဦးဘုန်း(ဓာတု)တို့ကို တားမြစ်ခြင်း ဖြစ်သည်။

ဟောပြောချက်များသည် ပါတီတစ်ခုတည်းအတွက် မဲဆွယ်သကဲ့သို့ ဖြစ်နေ၍ ဗဟုသုတမရနိုင်ဟု တာ ၀န်ရှိသူက အကြောင်းပြခဲ့သည်ဟု ကာယကံရှင် မောင်စိန်ဝင်း(ပုတီးကုန်း)က ပြောသည်။

“ဒီအပေါ်မှာ ပြောချင်တာကတော့ အခုလိုပိတ်ပင်တဲ့ အုပ်ချုပ်ရေးမှူးဆီမှာ အကြောက်တရားရှိနေတယ်။ သူ့ထိုင်ခုံလှုပ်မှာစိုးလို့ပဲလို့ ပြောချင်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်ကမူ ယင်းတို့သည် သက်ဆိုင် ရာ ဒေသအစိုးရအဖွဲ့နှင့် အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ပါသည်ဟု မဇ္ဈိမကို ပြော သည်။

“သူ့ဒေသအလိုက် ကျင့်သုံးတာလည်း ကိုယ့်ဒေသနဲ့ကိုက်ညီတဲ့ အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက် ကြမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့ပြီး အထက်အဆင့်ဌာနကမူ ယင်းတို့အပေါ် မည်သို့ ဆောင်ရွက်ရ မည်ဟူ၍ သတ်မှတ်ညွှန်ကြားထားခြင်းမရှိဟု ဆိုသည်။

စာရေးဆရာမ မသီတာ(စမ်းချောင်း)ကမူ စာပေဟောပြောပွဲများတွင် အသားအရောင်၊ ကိုးကွယ်သည့် ဘာသာ ခွဲခြားခြင်းသည် မဖြစ်သင့်ဟု သုံးသပ်သည်။

“လိုက်ကန့်ကွက်တယ်၊ ဖယ်ခိုင်းတယ်ဆိုတဲ့သူတွေကလည်း ကိုယ်လိုချင်တာကိုပဲ ဖြစ်အောင်လုပ်တယ် ဆိုရင် ဒါက အင်အားသုံးတာပဲ။ ဒီလိုဆိုရင် အခုပြောနေကြတဲ့ တန်းတူညီတူ ပြန်လည်သင့်မြတ်ရေးငြိမ်း ချမ်းရေးဆိုတာတွေကလည်း ဖြစ်ဖို့ ခက်ခဲနိုင်မယ်”ဟု ၎င်းက ဆိုသည်။

၈၈ တို့၏ ဇန်န၀ါရီ ၂၁ ရက်တွင် နေပြည်တော်၊ တပ်ကုန်းမြို့၌ ကျင်းပရန် စီစဉ်ထားသည့် စာပေဟော ပြောပွဲသည်လည်း နီးကပ်လာချိန်အထိ ဒေသအုပ်ချုပ်ရေးအဖွဲ့ တောင်းဆိုသည့် ထောက်ခံချက်အချို့ မရရှိခဲ့၍ ခွင့်ပြုမိန့်မရသဖြင့် ဖျက်သိမ်းခဲ့ရသေးသည်။ ယင်းသည် နှစ်နှစ်ဆက် ကြုံတွေ့ရခြင်းဖြစ်ပြီး ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ စာပေဟောပြောပွဲ ပိတ်ပင်ခံခဲ့ ရသည်ဟု ဖော်ပြထားသည်။

Mizzima

0 comments:

Post a Comment