Wednesday, January 15, 2014

မြန်မာနိုင်ငံ၏ အာဆီယံ သဘောတူညီချက် ကတိကဝတ် ပျမ်းမျှအဆင့်ထက် ကျော်လွန်ဟုဆို

အာဆီယံ နိုင်ငံများအားလုံး တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်ရေးအတွက် အဖွဲ့ဝင် နိုင်ငံ အားလုံး မူဘောင် သဘောတူညီချက်များ၊ ကတိကဝတ်များ၊ အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ၏ မူဝါဒပိုင်း ဆိုင်ရာ ဖြေလျှော့ ပေးမှုများတွင် မြန်မာနိုင်ငံသည် အာဆီယံ ပျမ်းမျှအဆင့်ထက် ကျော် လွန်ကြောင်း နိုင်ငံခြား စီးပွားဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွဋ်က The Voice သို့ ပြောကြားသည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်း (ACE) ကို အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခု နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် နောက်ဆုံးအဆင့်ကို အကောင် အထည် ဖော်ရမည် ဖြစ်ပြီး ယင်းအတွက် လိုအပ်သော သဘောတူညီချက်၊ ကတိ ကဝတ်များကို ဆောင်ရွက်ရာတွင် အချို့အာဆီယံ နိုင်ငံများမှာ အာဆီယံ ပျမ်းမျှအဆင့်ထက် နိမ့်ကျနေကြောင်း ၎င်းကဆိုသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက်မှ ဖွံ့ဖြိုးမှု နိမ့်ကျသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့သည် ၂၀၁၅ ခုနှစ်တွင် လက်ရှိ ကောက်ခံနေသော အကောက်ခွန်နှုန်းထား မှ ၉၃ ရာခိုင်နှုန်း (၇ ရာခိုင်နှုန်းအထိ) လျှော့ချရန်နှင့် ၂၀၁၈ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း (သုည ရာခိုင်နှုန်း အထိ) လျှော့ချရန် သဘောတူညီထားသည်။

“၂၀၁၅ အကုန်မှာ သုညရာခိုင်နှုန်း ဖြစ်သွားပြီ။ ဒါပေမဲ့ တချို့ကုန်စည်တွေကိုတော့ ၀ ကနေ ၅ ရာခိုင်နှုန်းအထိ ကောက်ခွင့်ပြုထားတယ်။ မြန်မာနိုင်ငံ အတွက်ဆိုရင် စပါး၊ ဝါဂွမ်း၊ ကော်ဖီနဲ့ သကြားတို့ကို ခွင့်ပြုထားတယ်” ဟု အကောက်ခွန်ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ထို့ပြင် လုံခြုံရေးနှင့် ပတ်သက်သော ပစ္စည်းများ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ပါဝင်သော အထွေထွေ ကင်းလွတ်ခွင့် စာရင်းဝင် ၅၁ မျိုးမှာမူ သုညရာခိုင်နှုန်း လျှော့ချရာတွင် မပါဝင်ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာရေးအတွက် လိုအပ်သော လုပ်ငန်း စဉ်များ အားလုံးကို ဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခု ရှိနေခြင်းကို နိုင်ငံတကာမှ ထောက်ပြသည့် အတွက် ယင်းဥပဒေနှစ်ခုကို တစ်ခုတည်းအဖြစ် ပြန်လည် ပြင် ဆင်ရေး ဆွဲလျက် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment