Tuesday, January 21, 2014

မြို့ပြင်ဧရိယာ တိုးပွားလာမှုအပေါ်တွင် စီးပွားရေး အခြေပြုနေရာ ငါးခု အဆိုပြုမည်

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အနေနှင့် မြို့ပြရန်ကုန် ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းအရ မြို့ပြင်ဧရိယာများ တိုးပွားလာမှုအပေါ်တွင် စီးပွားရေး အခြေပြု နေရာငါးခု အဆိုပြုမည် ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လှိုင်သာယာ၊ မင်းဓမ္မ၊ ဒဂုံမြို့သစ်၊ သီလဝါနှင့် ပဲခူးမြစ်ဘေး နေရာများကို စီးပွားရေး လုပ် ကိုင်နိုင် မည့် နေရာများအဖြစ် အဆိုပြုမည်ဖြစ်ပြီး လူနေထိုင်မှု တိုးတက်လာမည့် နေရာများ အဖြစ် မှော်ဘီ၊ ထန်းတပင်၊ တွံတေး၊ ဒလ၊ သန်လျင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှည်းကူးမြို့တို့ကို အဆိုပြုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

JICA လေ့လာရေးအဖွဲ့က တင်ပြမည့် အစီရင်ခံစာများအပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ် ပြီး ရေတိုစီမံကိန်း၊ ရေရှည်စီမံကိန်း၊ ရေလတ်စီမံကိန်းများကို လေ့လာဆန်းစစ် ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ခင် က ပြောကြားသည်။

JICA လေ့လာရေးအဖွဲ့သည် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြရန်ကုန် ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်တမ်း ကောက်ယူမှုများကို တစ်နှစ်ကျော် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly

0 comments:

Post a Comment