Tuesday, December 10, 2013

အမျိုးသမီး ဘောလုံးပြိုင်ပွဲမှ အင်ဒိုနီးရှားအသင်း ထပ်မံနုတ်ထွက်

၂၇ကြိမ်မြောက် SEA Games အမျိုးသမီး ဘောလုံးပြိုင်ပွဲမှ အင်ဒိုနီးရှား အမျိုးသမီးအသင်း ထပ်မံ နုတ်ထွက်ခဲ့သောကြောင့် ပွဲစဉ်များကို ပြန်လည် ပြင်ဆင်ရေးဆွဲ ခဲ့ရကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဒီဇင်ဘာ ၈ ရက်နေ့က သတင်းထုတ်ပြန်သည်။
အင်ဒိုနီးရှား အသင်းအနေနှင့် ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြိုင်ပွဲ စတင်ရန် နှစ်ရက် အလိုမှသာ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားအသင်းမှာ တီမော အမျိုးသမီး လက်ရွေးစင် အသင်းပြီးနောက် ဒုတိယမြောက် ထပ်မံနုတ်ထွက် ခဲ့သော အသင်းဖြစ်သည်။

အင်ဒိုနီးရှား အသင်းသည် အုပ်စု (က) တွင် ပါဝင်ပြီး ၎င်းနုတ်ထွက် ခဲ့ခြင်းကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာတို့သာ ယှဉ်ပြိုင်ရတော့မည် ဖြစ်ပြီး အုပ်စု (ခ) တွင်ပါဝင်သော တီမော အသင်းလည်း နုတ်ထွက် ခဲ့သောကြောင့် ထိုင်း၊ လာအိုနှင့် မလေးရှားတို့သာ ကျန်ရှိတော့ရာ ယင်းပြိုင်ပွဲကို အသင်းခြောက်သင်းဖြင့် ကျင်းပ ရတော့မည် ဖြစ်သည်။

ယခင်တစ်ရက်လျှင် နှစ်ပွဲကစားရန် စီစဉ်ထားသော အစီအစဉ်ကို ဖျက်ကာ ပွဲစဉ်တိုင်းကို ညနေလေးနာရီတွင် တစ်ရက်တစ်ပွဲနှုန်းဖြင့် ကစားတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အမျိုးသမီးအုပ်စု ဘောလုံး ပွဲစဉ်များကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ ယင်းနေ့တွင် မြန်မာ-ဖိလစ်ပိုင်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖိလစ်ပိုင်-ဗီယက်နမ်၊ ၁၅ ရက်နေ့တွင် ဗီယက်နမ် -မြန်မာတို့ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းသစ်တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

The Voice

0 comments:

Post a Comment