အင်းစိန်မြို့နယ်၊
ဈေးကုန်း အရှေ့ ရပ်ကွက်၊ ဦးစံကျော်စုရပ်ရှိ အင်းစိန် မီးရထားစက်ခေါင်း
စက်ရုံပိုင်နက် မြေနေရာတွင် ကျူးကျော်တဲ ဆောက်လုပ်နေထိုင်မှု အဆမတန်
များပြားလာနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ
ကျူးကျော်တဲများမှာ အင်းစိန် မီးရထား စက်ခေါင်းစက်ရုံနှင့် မြန်မာနိုင်ငံ
ဆေးဝါးလုပ်ငန်း စက်ရုံကြားရှိ ရထားသံလမ်းအနီး မြေနေရာတွင် ဆောက်လုပ်
နေထိုင်ကြပြီး ဒီဇင်ဘာလမှ စတင်၍ မြို့နယ်ပေါင်းစုံမှ ရွှေ့ပြောင်းလာသူများက
ကျူးကျော်တဲများ ဆောက်လုပ်မှုမှာ တစ်လအတွင်း အိမ်ခြေနှစ်ရာကျော်ထိ
များပြားလာကြောင်း ဦးစံကျော်စု ရပ်တွင် နေထိုင်သူ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ရပ်ကွက် အလုပ်အမှုဆောင် ဥက္ကဋ္ဌက The Voice သို့ ပြောကြားသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက ကျူးကျော်တဲများ ဖယ်ရှားခိုင်းခဲ့ပါက
နှစ်ပေါင်း ဆယ့်ငါးနှစ်ကြာ နေထိုင်ခဲ့သော မိမိတို့၏ နေအိမ်များပါ
ဖယ်ရှားခံရမည်ကို စိုးရိမ်နေကြကြောင်း ဦးစံကျော်စုရပ်တွင် နေထိုင်သူ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကွက် အလုပ်အမှုဆောင် ဦးသန်းတန်က The
Voice သို့ ပြောကြားသည်။
အဆိုပါ မြေနေရာတွင် ၁၅ ပေ ပတ်လည်
မြေတစ်ကွက်ကို ငွေကျပ် သုံးသိန်းမှ ဆယ်သိန်းကြားဖြင့် ဝယ်ယူကာ နေအိမ်များ
ဆောက်လုပ် နေထိုင် ရကြောင်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးကျေးရွာမှ
ရွှေ့ပြောင်းလာသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
“တစ်လတွင်း ကျူးကျော်အိမ်တွေ ရာနှင့်ချီ တိုးလာတာက အရင်ဒီရပ်ကွက်ထဲမှာ
နေထိုင်ခဲ့တဲ့သူတွေက ပြောင်းလာတဲ့ သူတွေကို မြေကွက်နေရာဦးပြီး
ရောင်းစားနေလို့လေ။ ပြီးတော့ ဒီရပ်ကွက်ဟောင်းမှာ နေတဲ့သူတွေကပဲ သူတို့ရဲ့
မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကို ဒီမြေနေရာလွတ်တွေမှာ ပြောင်းရွှေ့နေထိုင် ဖို့
ခေါ်ဆောင် လာတာကြောင့်လည်း အိမ်ခြေတွေ နေ့ချင်းညချင်း များလာတာ ဖြစ်တယ်” ဟု
ဦးစံကျော်စု ရပ်တွင် နှစ်ပေါင်း ၁၄ နှစ်ခန့်ကြာ နေထိုင်သူ မဝင်းပပက
ရှင်းပြသည်။
“မီးရထား စက်ခေါင်းစက်ရုံက တာဝန်ရှိသူတွေက အသိပေးစာ
သုံးကြိမ် ပေးထားခဲ့ပြီး ဖြစ်ပေမယ့် တိကျတဲ့ အရေးယူမှုမျိုးတော့ မရှိသေးဘူး။
နေစရာမရှိလို့ လာနေကျတဲ့ သူတွေအပေါ် ကိုယ်ချင်းမစာနာလို့ ဖယ်ပေးဖို့
တောင်းဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ မြေနေရာတွေကို စီးပွားရေး ဆန်ဆန်
ရောင်းစားနေတဲ့သူ တချို့ကြောင့် တိုင်ကြားရတာ။ ဒီကိစ္စက သက်ဆိုင်ရာ
လူကြီးတွေ ဖြေရှင်းပေးမှ အဆင်ပြေနိုင်မှာ” ဟု ဦးစံကျော်စုရပ်မှ
ဆယ်အိမ်မှူး ဦးအေးသောင်းက ပြောဆိုသည်။
အဆိုပါ ဈေးကုန်း
အရှေ့ရပ်ကွက် ဦးစံကျော်စုရပ်၌ လွန်ခဲ့သော ၁၉၉၆ ခုနှစ်က ပုဂ္ဂလိက အုတ်စက်ရုံ
တည်ရှိခဲ့စဉ် ယင်းအုတ်စက် အလုပ်ရုံရှိ အလုပ်သမား မိသားစုဝင်များမှ မီးရထား
စက်ခေါင်းစက်ရုံပိုင် နယ်မြေအတွင်း နေအိမ်များ ဆောက်လုပ်ကာ
နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အိမ်ခြေပေါင်း တစ်ထောင်ကျော်ရှိပြီ
ဖြစ်ကြောင်း ယင်းရပ်ကွက်တွင်း နေထိုင်သူများထံမှ သိရှိရသည်။
“၂၀၀၁ ခုနှစ်တုန်းက မီးရထား စက်ခေါင်းစက်ရုံက ကျွန်တော်တို့ကို
ကျူးကျော်မြေနဲ့ တရားစွဲဆိုခဲ့တာ အင်းစိန်မြို့နယ် တရားရုံးမှာ
ဒဏ်ငွေငါးဆယ် ဆောင်ခဲ့ရတယ်။ နောက်ပိုင်းတော့ စက်ခေါင်းစက်ရုံဘက်က
ဌာနဆိုင်ရာတွေက တရားစွဲဆိုမှု ထပ်မလုပ်တော့ဘူး။ အခု ပြောင်းရွှေ့လာ
သူတွေများလာတော့ သက်ဆိုင်ရာက ဖယ်ရှားခိုင်းရင် နဂိုနေနေတဲ့
သူတွေကိုပါရောပြီး ဖယ်ရှားခိုင်းမှာ ကြောက်နေကျ တယ်လေ” ဟု အဆိုပါ
ဦးစံကျော်စုရပ်တွင် နေထိုင်သူ ဦးသိန်းတန်က ရှင်းပြသည်။
မီးရထား
စက်ခေါင်းစက်ရုံပိုင် နယ်မြေအတွင်း ကျူးကျော်တဲများ ဆောက်လုပ်ခြင်းနှင့်
ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့မှ မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူးရုံးထံသို့ နေ့စဉ်သတင်း ပေးပို့ထားပြီး သက်ဆိုင်ရာ
တာဝန်ရှိသူများမှ အဆိုပါ ကျူးကျော်နေအိမ်များ ဆောက်လုပ်ခြင်းအပေါ်
မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို မသိရှိကြောင်း ဈေးကုန်းအရှေ့ ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။
အဆိုပါ
မြေပိုင်နက်မှာ မီးရထား စက်ခေါင်းစက်ရုံပိုင် နယ်မြေ ဖြစ်သောကြောင့်
စက်ရုံမှ တာဝန်ရှိသူများက တာဝန်ယူ ဖြေရှင်းရမည့် ကိစ္စဖြစ်ပြီး
မိမိတို့အနေဖြင့် လိုအပ်သော အကူအညီရှိပါက ပူးပေါင်း ကူညီ
ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အင်းစိန်မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စက်ရုံပိုင်
နယ်မြေထဲမှာ ကျူးကျော်အိမ်တွေ ဆောက်လုပ်နေမှုကို အထက်အရာရှိတွေထံ
တင်ပြ ထားတယ်။ အထက်ရဲ့ ညွှန်ကြားချက် မရရှိသေးတာကြောင့် ဒီကိစ္စကို ဘယ်လို
ဆောင်ရွက် သွားမယ် ဆိုတာကို လက်တလော မပြောပြနိုင်သေးပါဘူး” ဟု မီးရထား
စက်ခေါင်းစက်ရုံမှ အရာရှိတစ်ဦးက ပြောကြားသည်။
မြို့နယ်ပေါင်းစုံမှ ပြောင်းရွှေ့လာသူများမှာ ရန်ကုန်မြို့တော်တွင်
အိမ်ငှားစရိတ် မတတ်နိုင်သောကြောင့် အဆိုပါ မီးရထားပိုင် မြေနေရာတွင်
လာရောက်ကာ နေထိုင်ရခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးမှ ဆောက်လုပ်ဆဲ နေအိမ်များကို ဆက်လက် မဆောက်လုပ်ရန်
အသိပေး ထားသော် လည်း ဆောက်ပြီး နေအိမ်များကိုမှု အပြီး ပြန်လည်
ဖျက်သိမ်းခိုင်းခြင်း မရှိသေးကြောင်း ဧရာဝတီ တိုင်းဒေသကြီး
မော်လမြိုင်ကျွန်းမြို့နယ်မှ ပြောင်းရွှေ့လာသူ အသက် ၅၀ နှစ်ခန့်ရှိ
အမျိုးသမီးကြီး တစ်ဦး က ပြောကြားသည်။
The Voice
0 comments:
Post a Comment