Monday, December 30, 2013

အမေတကယ် အိုလာပါပြီ…(အမေရှိသူတိုင်း ဖတ်စေချင်၊ မရှိသူလည်း မရှိပါဘူးလေ)

အမေတကယ်အိုလာပါပြီ… ကလေးလေးတစ်ယောက်လို လူကိုချွဲပြီကပ်လာတယ်…
သူ့ဆီဖုန်းဆက်လိုက်တဲ့အချိန်တိုင်း “သားဘယ်အချိန်အိမ်ပြန်မှာလဲ?” ဆိုတာကို အမြဲတဆေ မေးနေ တတ်တယ်…
“ခရီးဝေတာကို ဘေးဖယ်ထားပါဦး… အိမ်ရောက်ဖို့အတွက်ဆို ကား ၃ ဆင့်စီးရတယ်… ကိုယ့်အလုပ်နဲ့ ကိုယ် ပင်ပန်းပြီးရှုပ်နေလှပါပြီ… သား ကိုယ်ခွဲလိုက်လို့လဲမရ… ဘယ်ကအချိန်နဲ့အိမ်ကိုပြန်ရမှာလဲ မေမေ ရယ်...?” 
အမေ့နား ကကောင်းကောင်းမကြားရတော့ဘူး… ကျနော် အကြာကြီးရှင်းပြနေပေမဲ့လဲ သူက ဒီမေးခွန်း ကိုဘဲ ဆက်မေးတယ်… “သား ဘယ်တော့ပြန်လာနိုင်မှာလဲ?”
ဒီလိုထပ်ခါထပ်ခါမေးတော့ ကျနော်လဲ စိတ်မရှည်လာတော့ဘူး… ဖုန်းထဲမှာ အသံကျယ်ကျယ်နဲ့ သူ့ကိုအော် ပြောမိတယ်… သူနောက်ဆုံးသဘောပေါက်ပြီးဖုန်းကိုချလိုက်တယ်… 
နောက်ရက်တွေမှာဘဲ သူ ဒီမေးခွန်းတွေဘဲထပ်မေးလာတယ်… အသံကတော့ မရောင့်မရဲနဲ့မေးနေရ သလိုမျိုးဘဲ… မကျေနပ်တဲ့ ကလေးလေးတစ်ယောက်လို မေးရင်လဲ အလကားဖြစ်မှာဘဲ ဆိုတာကို သိရက်နဲ့ မအောင့်နိုင်ဘဲ မေးနေပြန်တယ်…
ကျနော်လဲ စိတ်ပျော့သွားတော့ “အင်း…” ခနဲဖြစ်သွားတယ်… သူ ကျနော်စိတ်မညစ်ဘူးဆိုတာကို သိလိုက် တာနဲ့ ချက်ချင်းပျော်သွားတယ်… သူ စပြီး တစ်ခုချင်း စိတ်ပျော်ပျော်နဲ့ပြောပြနေတော့တာဘဲ… “ခြံထဲက သလဲသီးတွေ ပန်းပွင့်ပြီ… သင်္ဘောသီးတွေလဲ မှည့်တော့မယ်… သားပြန်လာခဲ့လေ…”
ကျနော်လဲ အားနာနာနဲ့ဘဲ ပြန်ပြောလိုက်တယ်… “အခုတလော အလုပ်တွေ ဒီလောက်ရှုပ်နေတာ… ဘယ်လိုလုပ်ပြီး ခွင့်ယူလို့ရမှာလဲ…”
သူအလောတကြီးနဲ့ ပြန်ပြောလိုက်တယ်… “သား… မေမေ့မှာ ကင်ဆာရှိနေပြီလို့ပြောလိုက်… နှစ်ဝက်လောက် ဘဲ အသက်ရှင်ရတော့မှာ လို့ပြောလိုက်… ” 
ကျနော် ချက်ချင်းဘဲ သူ့ကို မပြောကောင်းမဆိုကောင်းတွေကို လျှောက်ပြောမနေပါနဲ့ဆိုတဲ့ အပြစ်တင်တဲ့ လေသံနဲ့ပြောလိုက်တော့ သူကလဲ ဟီးဟီးဆိုပြီး ရယ်ပါလေရော…
ငယ်ငယ်တုန်းက မှတ်မိပါသေးတယ်… လေတွေတိုက် မိုးတွေရွာတဲ့နေ့တွေမှာ ကျောင်းမသွားချင်တိုင်း သားဗိုက် အောင့်နေတယ် ဆိုတာမျိုး ဟန်ဆောင်တာကို အမေက ချက်ချင်းသိတယ်… အဲတုန်းက အဆူ တောင်ခံရသေးတယ်…
အခု အသက်ကြီးလာတော့ သားသမီးတွေကိုတောင် လိမ်ပြောခိုင်းနေပြီ…
ကျနော်ကတော့ စိတ်လဲတိုတယ်… ရယ်လဲ ရယ်ချင်တယ်… 
ဒီလိုမျိုးမေးခွန်းတွေ ထပ်ခါထပ်ခါ မေးလာတော့ ကျနော်လဲ ထပ်ပြီး မငြင်းရက်တော့ဘူး… သူ့ကို နောက်လကုန်ကျရင်ပြန်လာမယ်လို့ ကတိပေးလိုက်တယ်… သူပျော်လွန်းလို့ အပျော်လုံးတောင်ဆို့တယ်…
ဒါပေမဲ့ ဘယ်လိုဖြစ်လဲ မသိပါဘူး… လုပ်လို့ကို မပြီးနိုင်တဲ့ အလုပ်ကိစ္စတွေကလဲ ပြီးကို မပြီးနိုင်တော့ဘူး…
ရှိသမျှကိစ္စတွေကလဲ အိမ်ပြန်ရမှာထက်ကို ပိုပြီးအရေးကြီးနေတယ်… နောက်ဆုံးတော့ အိမ်မပြန်နိုင်ခဲ့ဘူး…
ဖုန်းဆက်ပြီး အမေ့ကိုပြောတော့… အမေ့မှာ ဖုန်းပြောဖို့တောင် အားမရှိတော့တဲ့ပုံဘဲ… ကျနော် စိတ်မလုံမလဲ ဖြစ်နေပြီး အမေ့ကို မေးလိုက်တယ်… “မေမေ စိတ်ဆိုးသွားလားဟင်?”
အမေ ဒီတစ်ခေါက်တော့ ကောင်းကောင်းကြားလိုက်ပါပြီ… သူ အလောတကြီးနဲ့ပြန်ပြောလိုက်တယ်… “အမေ စိတ်မဆိုးပါဘူး သားရယ်… သား အလုပ်တွေများနေမှန်းသိတယ်…”
ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး… သူဖုန်းဆက်ပြီး ပြန်လာဖို့ကို ထပ်လောနေပြန်တယ်…
သူပြောတယ်… “သရက်သီးတွေလဲ မှည့်ပြီ… စပျစ်သီးတွေလဲ သီးပြီ… အမြန်ပြန်လာပါတော့…”
ကျနော်က ပြန်ပြောလိုက်တယ်… “အို အမေကလဲ… ဒါတွေက ဒီမှာဝယ်စားလဲရပါတယ်…”
အမေ စိတ်ကောက်သွားတယ်… ကျနော် စိတ်ရှည်ရှည်နဲ့ သူ့ကို ပြန်ချော့ရတယ်… “ဒါပေမဲ့ ရောင်းတဲ့ ဟာတွေက ပိုးသတ်ဆေးတွေ ဓာတ်မြေသြဇာတွေနဲ့… မေမေ စိုက်တာလောက်တော့ ဘယ်ကောင်း ပမလဲ…” နောက်ဆုံးတော့ အမေလဲ ပျော်ပြီးရယ်ထွက်လာတယ်…
စနေနေ့က ရာသီဥတုက တော်တော်လေးကိုပူတယ်… အပြင်တောင်မထွက်ချင်ဘူး… အိမ်အောက်ထပ်ကို ခဏဆင်းပြီး ပစ္စည်းသွားဝယ်တော့ ပူအိုက်လွန်းတဲ့ နွေခေါင်ခေါင် လမ်းမမှာ မေမေရဲ့ အရိပ်အယောင်ကို တွေ့လိုက်ရတယ်… သူကားပေါ်ကနေ ဆင်းဆင်းချင်း ပုံစံဘဲ… လက်မှာက ခြင်းတောင်းချိတ်ထားတယ်… ကျောမှာကလဲ အထုတ်ကြီးတစ်ထုတ်ပိုးထားသေးတယ်… သူခါးကုန်းထားပြီးတော့ ဘယ်ရှောင်လိုက် ညာ ရှောင် လိုက်နဲ့… သူများသူ့ပစ္စည်းတွေထိမိမှာကို စိုးရိမ်နေပုံဘဲ… ကြပ်ပိတ်နေတဲ့ လူတောထဲမှာ သူခြေတစ် လမ်းချင်းလျှောက်နေတာ သူတော်တော်လေးအားစိုက်ထုတ်နေရတယ်… ကျနော်သူ့ကို အော်ခေါ်လိုက် တယ်… သူ လောလောနဲ့ ချွေးတြွေပည့်နေတဲ့သူ့မျက်နှာကို မော့ပြီး ဟိုကြည့်ဒီကြည့်လိုက်ရှာနေတယ်… ကျနော် သူ့ရှေ့ကိုလျှောက်လာတာမြင်တော့ အံ့သြ ပျော်နေပြီး စကားတောင် ပြောမထွက်တော့ဘူး…
အိမ်ရောက်တာနဲ့သူ ပြုံးပျော်နေတယ်… တောင်းထဲကနေ အသီးတွေထုတ်ပေးတော့ သူ့လက်မှာ အစိမ်းရောင် အကြောတွေထောင်လို့… လက်ချောင်းတွေမှာလဲ ပလာစတာတွေ ပတ်ထားသေးတယ်… အမေက ပြုံးပြီး ကျနော့ကိုပြောတယ်… “ရော့ စားလေ…မြန်မြန်စား… ဒါက ငါသေချာရွေးထားတယ်… ”
ခရီးဝေး သိပ်မထွက်တဲ့ အမေဟာ ကျနော့ စကားတစ်ခွန်းတည်းနဲ့ မိုင်ပေါင်းများစွာကို ဖြတ်ပြီးလာခဲ့တယ်… သူ စီးတဲ့ ကားကလဲ အဲကွန်းမဖွင့်တဲ့ ရိုးရိုးဈေးသက်သာတဲ့ကား… ကားပေါ်မှာက ပူကပူ ကြပ်ကကြပ်နဲ့ ဒီ သရက်သီးတွေ စပျစ်သီးတွေ လုံးဝ အနာအဆာမရှိအောင်သယ်ခဲ့တယ်… သူ ဒီခရီးတလျှောက်လုံး ဘယ်လို လာခဲ့သလဲဆိုတာကို ကျနော်ပုံဖော်လို့မရဘူး… ကျနော်သိတာက ဒီကမ္ဘာမှာ အမေရှိတဲ့နေရာမှာ ထူးဆန်းမှုဆိုတာရှိတတ်စမြဲ… သူ ကျနော့ဆီမှာ ၃ရက်ဘဲနေတယ်… သူပြောတယ်… ကျနော် အလုပ်အရမ်းပင်ပန်းတယ်… မနက်စောစောထ ညနောက်ကျမှပြန်ရတယ်… သူကလဲ ဘာမှ မကူညီနိုင်ဘူး… မီိးဖိုခန်းထဲက စက်တွေကိုလဲ မထိရဲဘူး… ပျက်မှာစိုးလို့တဲ့… သူတစ်ယောက်တည်း လက်မှတ်မှာပြီး ဒီလိုဘဲ တိတ်တိတ်လေး တစ်ယောက်တည်းပြန်သွားတယ်…
ပြန်သွားတာ တစ်ပတ်ဘဲရှိသေးတယ်… မေမေက ကျနော့ကို သတိရပြန်ပြီတဲ့… အိမ်ပြန်ဖို့ကို ပြန်ပြောနေပြီ…ကျနော် “မေမေရယ်… စိတ်နည်းနည်းရှည်ပြီး စောင့်ပေးပါဦးနော်… ”
နောက်နေ့မှာ အဒေါ်ဆီကနေဖုန်းရတယ်… “မင်းအမေ နေမကောင်းဘူး… အမြန်ပြန်လာခဲ့…”
ကျနော်ခေါင်းချက်ချင်းထူပူသွားတယ်… ကားဂိတ်ကို အမြန်သွားပြီး ရရာကားနဲ့ လိုက်ခဲ့လိုက်တယ်…
တစ်လမ်းလုံး အမေ့အတွက်ဆုတောင်းပေးခဲ့တယ်… အမေ ဘာမှမဖြစ်ပါစေနဲ့… အမေ ကျနော့ကို လိမ်တာဘဲဖြစ်ပါစေ… သူ ပွစိပွစိပြောတာကို နားထောင်ပါ့မယ်… သူ ချက်သမျှဟင်းတွေကို ကုန်အောင်စားပါ့မယ်… အချိန်ယူပြီး သူဆီခဏခဏပြန်ပါ့မယ်… 
ဒီအချိန်မှာ ကျနော်သဘောပေါက်လိုက်တယ်… အသက်၈၀ရှိနေပေမဲ့လဲ အမေဆိုတာ အမြဲတမ်းလိုအပ်နေတာဘဲ… ကားက ရွာထိပ်ကိုရောက်တော့ အမေက ပြေးပြီး ကျနော့ကို လာဖက်တယ်… မျက်နှာကတော့ ပြုံးပျော်နေလို့… ကျနော်ကလဲ သူ့ကို ဖက်ပြီး ငိုလဲငိုချင် ရယ်လဲရယ်ချင်ဖြစ်နေတယ်… “ပြောမကောင်း ဆိုမကောင်း ကိုယ့်ကိုယ်ကို နေမကောင်းဘူးလို့ လျှောက်မပြောရဘူးလေ…” အမေ အပြောခံရပေမဲ့လဲ သူပျော်နေတာဘဲ… သူ ကျနော့်ကို တွေချင်မြင်ချင်တာ တစ်ခုဘဲရှိတယ်…
အမေ ၀င်လိုက်ထွက်လိုက်နဲ့ အလုပ်တွေရှုပ်နေတယ်… ထမင်းစား စားပွဲတစ်ခုလုံး ကျနော် ကြိုက်တဲ့ဟင်းတွေဘဲ… သူ ကျနော် ချီးမွန်းမှာကို စောင့်နေတယ်…
ကျနော်ကလဲ အားမနာတမ်း ဝေဖန်တော့တာဘဲ… ပဲနပ်က ပြဲနေပြီ… ချဉ်ရည်ဟင်းက ချဉ်လွန်းတယ်… အသုပ်စုံက ငန်လွန်းတယ်… အမေ့ အပြုံးက ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်… ကျနော်ကတော့စိတ်ထဲမှာ ကြိတ်ရယ်နေတယ်… ကျနော်သိတတယ်… စားကောင်းတယ်လို့ပြောလိုက်လို့ကတော့ မကုန်ကုန်အောင် အတင်းစားခိုင်းတော့မှာ… ဒါကြောင့်လဲ ကျနော့ကို ကျွေးထားတာ ၀၀ဖီးဖီးဖြစ်နေပြီး ဘယ်လိုမှ ပြန်ချလို့မရတော့ဘူး...
ကျနော် အမေ့ကို ထမင်းဟင်း ချက်ကျွေးတယ်… သူနဲ့စကားပြောတယ်… မေမေ ကျနော့ကို အကြာကြီး ငေးကြည့်နေတယ်… မျက်ဝန်းအစုံက ချစ်ခြင်းမေတ္တာတွေ အလျှံအပယ်ပါဘဲ… ကျနော် ဘာပြောပြော သူ ပါးစပ်အဟောင်းသားလေးနဲ့ပြောသမျှ နားထောင်နေတယ်… နေ့ခင်းတရေးအိပ်တာတောင် ကျနော့ဘေး မှာ နေပြီး ပြုံးနေတယ်… ကျနော်က သူ့ကို ပြောလိုက်တယ်… “သားကို ဒီလောက်ချစ်ရင် မြို့ကို လိုက်ပြောင်းနေပါလား… ” သူက မြို့မှာနေနေကျမဟုတ်ဘူးဆိုတော့ နေသားမကျဘူးတဲ့… 
ဘယ်နရက်မှာ မရှိလိုက်ပါဘူး… ကျနော်ပြန်ရတော့မယ်… မေမေက ကျနော့ကို နောက်တစ်ရက်လောက် ထပ်နေဖို့ ပူဆာတယ်… သူပြောတယ်… မနက်ကတည်းက လူကြုံနဲ့ ဟင်းတွေမှာလိုက်ပြီတဲ့… စားကောင်း သောက်ကောင်းတွေကို သူကိုယ်တိုင်ချက်ကျွေးပြီး ကျနော် အားရပါးရစားမှ သူကျေနပ်တတ်တယ်…
ကျနော်လဲ အဒေါ်အိမ်ကို သွားနှုတ်ဆက်ပြီး ပြန်လာတော့ သူ သေသေချာချာ စီမံထားတဲ့ ဟင်းတွေ စားပွဲပေါ်ရောက်လာပါပြီ… ကျနော် အံ့သြသွားတယ်… ငါးမှာ အကြေးခွံတွေမပြောင်ဘူး… ကြက်သားမှာလဲ ကြက်မွေးတွေ ရှိနေသေးတယ်… မှိုကန်စွန်းမှာလဲ ဆံပင်တွေတွေ့ရတယ်… ဘယ်ဟင်းတွေဘဲဖြစ် နေပါစေ… စားရမှာကို တွန့်နေမိတယ်… အရင်တုန်းက အသန့်အရမ်းကြိုက်တဲ့ မေမေဟာ အသက်ကြီး  လာတော့ ဒီလိုဖြစ်သွားပြီလား… ကျနော် မစားချင်စားချင်ဖြစ်နေတာကို သူလဲမြင်ရော နောက်ဆုံးအလျှော့ ပေးလိုက်တယ်… သူ ကျနော့ကို ကားဂိတ်လိုက်ပို့တယ်… မိုးအရမ်း မှောင်နေပြီ… မေမေက ကျနော့လက် ကို မြဲမြဲဆုပ်လို့…သူပြောတယ်… “ဒီတောလမ်းက မင်းလျှောက်နေကျမဟုတ်ဘူး… ”
သူကျနော့ကို ကားပေါ်အထိလိုက်ပို့တယ်… ဟိုမှာလိုက် ဒီမှာလိုက်နဲ့ နောက်ဆုံး ကားထွက်တော့မှဘဲ ကားပေါ်ကဆင်းတော့တယ်… ဒါတောင်အင်္ကျီစက ကားတံခါးနဲ့ ညပ်မိပြီး လဲတော့မလို့ဘဲ… ကျနော်လဲ တံတွေးတွေသီးကုန်းတယ်… ပြတင်းပေါက်ကနေဘဲ အော်ပြီး ပြောလိုက်တယ်… “မေမေ … မေမေ… သတိထားနော်…” သူကောင်းကောင်းမကြားဘူး… ကားကို ပြေးလိုက်ရင်း ကျနော့ကို အော်ပြောနေတယ်… “မေမေ စိတ်မဆိုးဘူး… သားအလုပ်တွေများမှန်းသိတယ်…” 
ဒီတစ်ခေါက်တော့ မေမေ ကျေနပ်သွားပုံရတယ်… အိမ်ကို ပြန်ဖို့ ထပ်မလောတော့ဘူး…
ပျော်စရာကောင်းတဲ့ အကြောင်းလေးတွေကိုဘဲပြောတော့တယ်… အိမ်မှာ နွားလေးမွေးတဲ့အကြောင်း… နောက်နှစ်မိုးဦးမှာ ပန်းတွေ အများကြီးစိုက်မယ်ဆိုတဲ့အကြောင်း… နားထောင်ရင်းနားထောင်ရင်းနဲ့ ရင်ထဲ မှာ နွေးထွေးစေတယ်ဗျာ…
နှစ်ကုန်ပိုင်းရောက်တော့ အဒေါ်ဆီကနေ ဖုန်းရပြန်တယ်… သူပြောတယ်… “မင်းအမေ နေမကောင်းဘူး… အမြန်ပြန်လာခဲ့… ” ကျနော် ဘယ်ယုံပမလဲ… ဟိုတစ်နေ့ကမှ အမေနဲ့ဖုန်းပြောထားတာ… သူ့ကို စိတ်မပူပါ နဲ့တဲ့…
အဒေါ်က ကျနော့ကို အတင်းပြောတော့ ကျနော်လဲ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ အိမ်ပြန်လာခဲ့တယ်… မေမေကြိုက်တဲ့ ကိတ်မုန့်လဲဝယ်လိုက်သေးတယ်… ရွာထိပ်ရောက်တော့ လည်ပင်းဆန့်ပြီး မေမေ့ကို ရှာနေပေ မဲ့လဲ မတွေ့ခဲ့ဘူး… မေမေ ကျနော့ကိုလာမကြိုဘူး… ရင်ထဲမှာ တထိတ်ထိတ်နဲ့ အိမ်ရောက် တော့ အဒေါ်က ကျနော့ကိုပြောတယ်…ကျနော်နဲ့ ဖုန်းပြောတဲ့နေ့ကတည်းက အမေမရှိတော့ပါဘူးတဲ့… သူ လူ့ဘ၀ကနေထွက်သွားတာ ပျော်ပျော်ပါဘဲ… လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက သူ့မှာ ကင်ဆာ ရှိနေပြီဆိုတာသိလိုက်ရတယ်… သူဘယ်သူ့ကိုမှ မပြောပြဘူး… ပုံမှန်လိုဘဲ ရယ်ရယ်မောမောနဲ့ သူမျက်လုံး ထာဝရပိတ်သွားတဲ့ အချိန်အထိပါဘဲ… သူ့နောင်ရေးကိစ္စတွေအတွက်လဲ သေချာစီစဉ်သွားတယ်…
အဒေါ်ကျနော့ကို ပြောပြတယ်… မေမေ့မှာ မျက်လုံးကင်ဆာရနေတာကြာပြီ… သူ ပစ္စည်းတွေကို မနည်းအား စိုက်ပြီးကြည့်ရတယ်… ကျနော် သူကြိုက်တဲ့ကိတ်မုန့်ကို လက်ထဲမှာ မြဲမြဲဆုပ်ထားတာ ကျနော့ရဲ့ နှလုံးသားကို လူတစ်ယောက် တူးယူသွားသလိုခံစားရတယ်… မေမေဟာ သူ ကျန်တဲ့ရက်တွေ သိပ်မရှိတော့လို့ ကျနော့ကို ခဏခဏ ဖုန်းဆက်ခေါ်နေတာပါလား… သူ ကျနော့ကို ထပ်ပြီး များများ တွေ့ချင်လို့… ကျနော်နဲ့ ထပ်ပြီး စကားတွေ များများပြောချင်လို့…
ကျနော် မစားဘဲ ထားခဲ့တဲ့ဟင်းတွေဟာ သူ မျက်လုံးကောင်းကောင်းမမြင်နိုင်တဲ့အချိန်မှာ ချက်ပြုတ်ထား တာပါ… ကျနော်ဘာလို့ ဒီလောက်ထိ ပေါ့ဆရတာလဲ… ကျနော်သွားတဲ့နေ့က သူတစ်ယောက်တည်း လမ်းလျှောက်ပြန်တာ လမ်းမှာ ဘယ်နှကြိမ်လဲခဲ့သလဲ… ကျနော် ဘယ်တော့မှ ပြန်မသိနိုင်တော့ဘူး…မေမေ… လူ့ဘ၀ရဲ့နောက်ဆုံးချိန်ရောက်နေတာတောင်မှ ခြံမှာ ဇွန်ပန်းတွေပွင့်နေပြီ…ပဲတောင့်ရှည်တွေ သီးနေတာ သားငယ်ငယ်တုန်းက ခူးဆော့ခဲ့လိုမျိုးဆိုတာတွေ…
မေမေက နွေးထွေးမှုတွေကို ထားရစ်ခဲ့ပြီး… လူ့ဘ၀ကနေ တိတ်တိတ်လေးထွက်သွားပါပြီ…
ကျနော်သိတယ်… ဒီလောကမှာ ကျနော့်ကို ဒေါသမထွက်တတ်တဲ့သူဒီတစ်ယောက်ဘဲရှိတယ်… ကျနော့်ကို အမြဲစောင့်နေမဲ့သူ ဒီတစ်ယောက်ဘဲရှိတယ်…ဒီလိုမျိုး ကျနော့ကို ချစ်ခဲ့လို့လဲ ကျနော်က မေ့မေ့ကို စောင့်ခိုင်းရက်တာပေါ့… ဒါပေမဲ့ မေမေ… ကျနော် တကယ်ဘဲ ဒီလောက်ထိ အလုပ်များသလား?
စာဖတ်သူတွေကော် သတိထားမိကြလား…
အကယ်၍မိဘရှိနေသေးတယ်ဆိုရင် ဆုံးအောင်အထိ ဆက်ကြည့်ပေးပါ…သူတို့နဲ့အတူနေသည်ဖြစ်စေ… မနေသည်ဖြစ်စေ…
အကယ်၍တစ်နေ့နေ့မှာ… မေမေရဲ့မီးဖိုခန်းဟာ အရင်ကလို မသန့်ရှင်းနေတော့ဘူး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… အိမ်က အိုးခွက်ပန်းကန်တွေဟာ ဆေးတာမပြောင်တော့ဘူး ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… မင်းမေမေရဲ့ဒယ်အိုးယောက်မတွေ မတောက်ပြောင်နေတော့ဘူး ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… မင်းဖေဖေရဲ့ ခြံထဲမှာ ပေါင်းပင်းတွေနဲ့ပြည့်နေတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ…အိမ်ထဲက ကြမ်းခင်းတွေမှာ ဖုန်တွေနဲ့ပြည့်နေတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… မေမေချက်တဲ့ဟင်းတွေက ငန်လွန်း စားရခက်လွန်းတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… ဖေဖေမေမေဟာ မီးခလုတ်ပိတ်ဖို့မေ့နေတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… သူတို့ရဲ့ အကျင့်တွေဟာ သူတို့ရဲ့ အကျင့်အဟုတ်တော့ဘူး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… ဖေဖေမေမေဟာ ကြွပ်ဆပ်တဲ့ သစ်သီးတွေကို မကြိုက်တော့ဘူး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… ဖေဖေမေမေဟာ ဆန်ပြုတ်စားရတာကိုဘဲ ပိုကြိုက်လာတာမျိုး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… သူတို့လမ်းဖြတ်ကူးဖို့ကို အရမ်းတုန့်နှေးလာတာမျိုး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… သူတို့ ထမင်းစားတိုင်း ချောင်းအရမ်းဆိုးနေတာမျိုး ဆိုတာ သတိထားမိရင် (အအေးမိချောင်းဆိုးတယ်လို့ မထင်လိုက်ပါနဲ့… မျိုချတဲ့ အာရုံကြောတွေ အသက်ကြီးလာလို့ ချို့ယွင်းတဲ့လက္ခဏာပါ)
အကယ်၍တစ်နေ့နေ့မှာ… သူတို့ အပြင်ထွက်ရတာကို မကြိုက်တော့ဘူး ဆိုတာ သတိထားမိရင်…
အကယ်၍ဒီလိုတစ်နေ့ရှိခဲ့ရင်… ခင်ဗျားတို့ကို သတိပေးရမှာက ခင်ဗျားတို့ ဖေဖေမေမေ အသက်ကြီးနေပြီ… အင်္ဂါတွေ စပြီး ယိုယွင်းနေပြီ… အခြားသူတွေရဲ့ပြုစုမှုလိုအပ်လာပြီ… သူတို့ကို အမြဲ ဂရုစိုက်ဖို့… အမြဲသွား ကြည့်ဖို့…လိုအပ်ပါတယ်… ဘယ်တော့ခါမှ ပစ်မထားပါနဲ့…
လူတိုင်းဟာအိုတတ်စမြဲပါဘဲ… မိဘတွေဟာ ကျနော်တို့ထက်အိုတာမြန်တယ်… ကျနော်တို့ဟာ နေရာချင်း လဲပြီး စဉ်းစားပေးသင့်တယ်… ဒါမှလဲ စိတ်ရှည်လာမယ်… ဒါမှလဲ မကျေနပ်စရာတွေရှိမှာ မဟုတ်တော့ပါ…
မိဘတွေ ကိုယ့်ကိုယ်ကို မစောင့်ရှောက်နိုင်တော့တဲ့အချိန်မှာ သားသမီးလုပ်သူတွေကလဲ သတိထားသင့် တယ်… သူတို့ ဆီးဝမ်းမထိန်းနိုင်တော့ဘူး… တချို့ကိစ္စတွေကောင်းကောင်းမလုပ်နိုင်တော့ဘူး… အခန်းမှာ အနံ့နံနေပြီ… သူတို့ အနံ့ရချင်မှရပါလိမ့်မယ်… အနံ့ခံအာရုံမကောင်းတော့ဘူး… သူတို့ကို နံ့တယ်လို့ အပြစ် မတင်ပါနဲ့… သားသမီးလုပ်သူက အလိုက်တသိနဲ့ သူတို့ သိက္ခာမထိအောင် ရှင်းပေးဖို့လိုပါ လိမ့်မယ်…
သူတို့ ရေမချိုးနိုင်တော့တဲ့အချိန်မှာ အချိန်ယူပြီးရေပတ်တိုက်ပေးတာမျိုး… ကျနော်တို့ အစားကောင်း စားနေတဲ့ အချိန်မှာ သူတို့အတွက် သင့်တော်တဲ့ ပမာဏ… စားရလွယ်ကူမဲ့အစားမျိုး လုပ်ပေးဖို့လို အပ်ပါလိမ့်မယ်…
ကျနော်တို့ မွေးထွက်လာကတည်းက နို့တိုက် အနှီးလဲပေးတာတွေ… ဖျားနာနေတဲ့အချိန်မှာ မအိပ်မနား ပြုစု ပေးခဲ့တာတွေ… အခြေခံ ယဉ်ကျေးမှုတွေသင်ပေးတာတွေ… ကျောင်းတတ်ဖို့… ပျော်ပါးစားသောက် နိုင်ဖို့ ထောက်ပံ့ပေးခဲ့တာတွေ… စိတ်ပူ ဂရုစိုက်မှုတွေဟာ တစ်ချိန်မှ မရပ်နားခဲ့ပါဘူး… အကယ်၍ တစ်နေ့နေ့မှာ သူတို့ မလျှောက်နိုင်တော့ဘူးဆိုရင် နေရာချင်းလဲပြီး မစဉ်းစားပေးသင့်ဘူးလားဗျာ…
အကယ်၍ ဒီစာလေးကိုဖတ်ပြီးရင် ခင်ဗျားတို့မျှဝေပေးခြင်းအားဖြင့် ဒီအကြောင်းအရာလေးတွေကို လူများ များ ဆီရောက်နိုင်မယ်ဆိုရင် မေတ္တာဖြန့်ပေးရာရောက်ပါတယ်… ခင်ဗျားတို့ရဲ့ မျှဝေပေးလိုက်တဲ့ အလုပ် လေး သေးသေးလေးဟာ လူအိုပေါင်းများစွာအတွက် အလင်းရောင်ဖြစ်နိုင်ပါတယ်… ကျနော်တို့လဲ နောင် တချိန်မှာ လူအိုဖြစ်လာကြမှာပါ…
Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

0 comments:

Post a Comment