Wednesday, December 18, 2013

မြန်မာအမျိုးသမီး ဘောလုံးအသင်း ချန်ပီယံ ဖြစ်နိုင်ဟု ထိုင်းအသင်း နည်းပြဆို

အမျိုးသား ဘောလုံးအသင်း အုပ်စုအဆင့်ဖြင့် လှည့်ပြန် ခဲ့ရသော်လည်း အကြိုဗိုလ်လုပွဲထိ တက်ရောက်သွားပြီ ဖြစ်သော မြန်မာ အမျိုးသမီး ဘောလုံးအသင်းသည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်နိုင်ကြောင်း ထိုင်း အမျိုးသမီး ဘောလုံးအသင်း နည်းပြ JATUPORN PRAMOLBAL က ပြောကြားသည်။

ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အစဉ်အလာအရ ပြိုင်ဘက်ကောင်း အသင်းတစ်သင်း ဖြစ်သော ထိုင်းနိုင်ငံ အမျိုးသမီး ဘောလုံးအသင်းနှင့် ဒီဇင်ဘာ ၁၈ ရက်နေ့ညနေ ၆ နာရီခွဲ အချိန်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး မယှဉ်ပြိုင်မီ တစ်ရက်အလို ယနေ့တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“မြန်မာအသင်းရဲ့ ၁၂ ယောက်မြောက် ကစားသမားဖြစ်တဲ့ ပရိသတ်တွေကလည်း ရှိနေတယ်။ ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းလည်းဖြစ်၊ အိမ်ရှင်အသင်းလည်း ဖြစ်တဲ့ မြန်မာ အမျိုးသမီးအသင်းကို ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီးအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ထိုင်း အမျိုးသမီး ဘောလုံးအသင်းသည် တိုက်စစ်ပိုင်း အရမ်းကောင်းမွန်သည့် အသင်းတစ်သင်း ဖြစ်ပြီး ကစားပုံ ကောင်းသကဲ့သို့ စုစည်းမှုလည်း အားကောင်းသည့် အသင်းဖြစ်ကြောင်း၊ ထိုင်းအသင်းနှင့် ပွဲစဉ်တွင် ကွင်းလယ် ဒိုင်လူကြီးများ ဆုံးဖြတ်ချက် မှန်ကန်စွာ ချမှတ်မည်ဟုယူဆ ထားပါကြောင်းလည်း မြန်မာအမျိုးသမီး ဘောလုံး အသင်း နည်းပြဖြစ်သူ KUMADA YOSHINORI ကဆိုသည်။

“ထိုင်းအသင်းကို ကွင်းလယ် အဖျက်အား ကောင်းကောင်းနဲ့ ကစားမယ်။ ပရိသတ်ရဲ့ အားပေးမှုက မြန်မာအသင်းအတွက် ခွန်အားတစ်ရပ်ပါပဲ။ အသင်းက တိုက်စစ်မှူးတွေကလည်း ဂိုးတွေ သွင်းယူမယ်ဆိုတာ ယုံကြည်တယ်” ဟု ထိုင်းအသင်းနှင့် ကန်မည့်ပွဲစဉ်နှင့် ပတ်သက်၍ ၎င်းကပြော ကြားသည်။

အိမ်ရှင် မြန်မာအသင်းနဲ့ တွေ့ဆုံရခြင်းမှာ ခက်ခဲသည့် ပွဲတစ်ပွဲ ဖြစ်ကြောင်း မြန်မာအသင်းသည် အရမ်းကောင်းမွန်သည့် အသင်းတစ်သင်း ဖြစ်ကြောင်း ထိုင်းအမျိုးသမီး ဘောလုံးအသင်း နည်းပြ JATUPORN PRAMOLBAL ကဆိုသည်။

“ထိုင်း အမျိုးသမီးအသင်းဟာ အရှေ့တောင်အာရှမှာ အားကောင်းတဲ့ အသင်းလည်း ဖြစ်ပါတယ်။ သူတို့အသင်းက တိုက်စစ်လည်း ကောင်းတယ်။ ဒါပေမဲ့ နောက်တန်းကတော့ နည်းနည်းအားနည်း တယ်လို့ ထင်တယ်။ ထိုင်းအသင်းမှာ ဂိုးတွေသွင်းဖို့ ရည်ရွယ်ပြီး အဆုံးသတ်ပိုင်း သေချာအောင် ကြိုးစားနေပါတယ်။ ပရိသတ်တွေကို စိတ်ပျက်အောင် မလုပ်ပါဘူး။ ရွှေတံဆိပ် ရရှိအောင်၊ နိုင်ငံ့ ဂုဏ်ဆောင်ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု မြန်မာ အမျိုးသမီးအသင်းမှ တိုက်စစ်မှူး ဖြစ်သူ ခင်မာလာထွန်းက ပြောကြားသည်။
The Voice

0 comments:

Post a Comment