Thursday, August 27, 2015

တပ်မတော်နှင့် TNLA တို့ လေးရက်ဆက် တိုက်ပွဲဖြစ်

တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တအာင်းလွတ်မြောက်ရေးတပ် (TNLA) တို့ အကြား လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း TNLA ပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာအိုက်ကျော်က ပြောသည်။
“ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေးမှာ ပါဝင် လက်မှတ်ရေးထိုးလိုတယ်လို့ သဘောထားထုတ်ပြန်ခဲ့ပြီးတဲ့ နောက်မှာ တိုက်ပွဲတွေကို တတ်နိုင်သလောက် ရှောင်ခဲ့တယ်။ ဒါပေမဲ့ အခု သြဂုတ်လဆန်းကစပြီး အစိုးရဘက်က ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်လာတော့ တိုက်ပွဲတွေက ဆက်တိုက်ဆိုသလို ဖြစ်နေတယ်” ဟု တအာင်းတပ်မတော် (TNLA) ပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာအိုက်ကျော်က ဆိုသည်။

တအာင်းတပ်မတော် တပ်မဟာ (၂) နယ်မြေ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာနှင့် တောင်ရုံးဘုရားကြားတွင် သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်က တအာင်းတပ်မတော် တပ်ရင်း ၄၃၄ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၃ ရက်နေ့မှ စတင်ကာ TNLA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

ထို့အပြင် သြဂုတ်လအတွင်း အစိုးရ တပ်မတော်နှင့် တအာင်းတပ်မတော်တို့အကြား တိုက်ပွဲပေါင်း ခုနစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တအာင်းတပ်မတော် အခြေစိုက်ရာ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲနှင့် မန်တုံမြို့နယ်များတွင် နှစ်ဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်ဟု တအာင်းတပ်မတော်ထံမှ သိရသည်။

တအာင်းတပ်မတော် အနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသားလက်နက်ကိုင် အားလုံးနှင့်အတူ ပါဝင်လက်မှတ်ရေးထိုးရန် အသင့်ရှိပြီး နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဟု ဇူလိုင် ၆ ရက်နေ့က သဘောထား ထုတ်ပြန်ထားသည်။

ထို့အပြင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA နှင့် ဆက်စပ်ပြီး ဝိုင်းဝန်းကူညီခဲ့ကြသူများ ဖြစ်သည့် တအာင်းပလောင် TNLA နှင့် KIA လက်အောက်ခံအဖွဲ့ ဖြစ်သော ရခိုင့်တပ်မတော် AA အဖွဲ့တို့သည် ငြိမ်းချမ်းရေး ဆွေးနွေးလိုပါက လက်နက်စွန့်လွှတ်ရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားထားသည်။

“အခုလို ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်လာတာက ကျွန်တော်တို့ကို ငြိမ်းချမ်းရေးဆွေးနွေးမှုက ပယ်ချလိုက်ပြီးတဲ့ နောက်ပိုင်း ဖိအားပေးတဲ့ အနေနဲ့ ပိုမိုထိုးစစ်ဆင်တဲ့ သဘောပဲ။ ရှေ့ဆက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ့် အနေအထားပါ” ဟု တအာင်းတပ်မတော် (TNLA) ပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာအိုက်ကျော်က သုံးသပ်ပြောကြားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင် လက်မှတ်ရေးထိုးရေးမူအတိုင်း ဆက်လက်ကြိုးပမ်းသွားရန် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ SD က ဆုံးဖြတ်ထားပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ စက်တင်ဘာလဆန်းတွင် နေပြည်တော်၌ တွေ့ဆုံရန် သဘောတူထားသည်။

Credit To >>> The Voice News

0 comments:

Post a Comment