Thursday, November 21, 2013

တောင်ငူမြို့ ချမ်းမြေ့ တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုမှ သံသယတရားခံ စောထွန်းထွန်းထံသို့ ဗုံးအား သယ်ဆောင်ရန် ပေးခဲ့သူကို ဖမ်းဆီးရမိရေး ဆက်လက်စစ်ဆေး

တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုမှ သံသယတရားခံ စောထွန်းထွန်းက ဗုံးအား သယ်ဆောင်ထားရှိကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး စောထွန်းထွန်းထံသို့ ဗုံးအား သယ်ဆောင်ရန် ပေးခဲ့သူကို ဖမ်းဆီးရမိရေးဆက်လက်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး(မှုခင်း)ဒုတိယရဲမှူးကြီး ၀င်းစိန်က နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက ပြောကြားသည်။

"စောထွန်းထွန်းကတော့ ၀န်ခံပြီးပြီ။ တရားရုံးမှာလည်း ဖြောင့်ချက်ပေးပြီးပြီ။ စောထွန်းထွန်း ထွက်ဆိုထားတဲ့ စောတ၀ါးဆိုတဲ့သူကတော့ ဘယ်အဖွဲ့အစည်းကမှန်းတော့ မသိဘူး။ စိစစ်နေဆဲ ပါပဲ။ စောတ၀ါး ကို ဖမ်းဆီးရမိဖို့လည်း စစ်ဆေး ဆောင်ရွက်နေပါတယ်"ဟု ဒုတိယရဲမှူးကြီး ၀င်းစိန်က ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ငူမြို့၊ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုရိပ်သာ အပေါ်ထပ်၊ အခန်းအမှတ်(၆)တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံး ခဲ့သည်။ တောင်ငူမြို့ အမှတ်(၁) နယ်မြေရဲစခန်းနှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ချမ်းမြေ့တည်းခိုရိပ်သာ အခန်းအမှတ်(၆)တွင် အောက်တိုဘာ ၉ ရက် ညက တည်းခိုသွားခဲ့သော စောထွန်းထွန်း (၃၄)နှစ်၊ (ဘ)ဦးသံချောင်း မေတ္တာ ရပ်ကွက် ကျောက်ကြီး မြို့နေသူအား အောက်တိုဘာ ၁၂ ရက်တွင် သံသယ တရားခံအဖြစ် ပြည်ထဲရေး ၀န်ကြီးဌာနက တရားဝင်ကြေညာခဲ့ပြီး တောင်ငူမြို့အမှတ် ၁ ရဲစခန်းမှ(ပ)၅၃၅/၂၀၁၃၊ ပေါက်ကွဲစေတတ်သော အရာဝတ္ထု အက်ဥပဒေပုဒ်မ ၃ အရ အမှုဖွင့်ထားပြီး စောထွန်းထွန်းမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့သည်။

ယင်းနောက် နိုဝင်ဘာ ၁၈ ရက် ညနေက ကေအင်န်ယူ တပ်မဟာ ၃ ၏ ကူညီဆောင်ရွက် မှုဖြင့် စောထွန်းထွန်းအား ကျောက်ကြီးမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး ခဲ့ရာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက စောထွန်းထွန်းမှ တည်းခိုရိပ်သာအတွင်း ပေါက်ကွဲသော ဗုံးအား သယ်ဆောင် ထားရှိခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါဗုံးအား စောထွန်းထွန်းနှင့် လွန်ခဲ့သော တစ်နှစ်ခန့်က ရင်းနှီးခဲ့သူ စောတ၀ါးဆိုသူက လုံးပတ် လက်ကောက်ဝတ်သာသာအရှည် ငါးလက်မခန့်ရှိ ပိုက်ဆံအိတ် (အဖြူရောင်) တစ်လုံးနှင့် ငွေကျပ် ၂၀၀၀၀ တိတိ အားပေးအပ်ပြီး မြို့တစ်မြို့တွင် ထားခဲ့ရန်နှင့် ယင်းအိတ်အား ဖွင့်ကြည့်ပါက ဒုက္ခရောက်မည်ဟု ပြောဆိုမှာကြားပြီး ပေးအပ်ခဲ့ကြောင်း အမှုစစ်ဆေးချက်ပါ စောထွန်းထွန်း၏ ထွက်ဆိုချက်အရ သိရသည်။

Eleven Media Group

0 comments:

Post a Comment