Thursday, November 21, 2013

မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းပိုင်းတွင် နိုဝင်ဘာ ပထမပတ်အတွင်း တရားမ၀င် ကုန်ပစ္စည်း ကျပ် ၈၂ ဒသမ ၄၈၂ သိန်းဖိုး ဖမ်းဆီးရမိ

E.21.11
ဒေါနတောင်တန်းသို့  ဖြတ်သန်းသွားလာနေသော ကုန်တင်ယာဉ်များ
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သည့် မြ၀တီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းတွင် နိုဝင်ဘာ ပထမပတ်အတွင်းက တရားမ၀င် ကုန်ပစ္စည်းတင်သွင်းမှု ကျပ် ၈၂ ဒသမ ၄၈၂ သိန်းဖိုး ဖမ်းဆီးရမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။

မြ၀တီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ ဝေါမြို့နယ်၊ ညောင်ခါးရှည်-မြစ်ကျိုးလမ်းဆုံတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ဖွင့်လှစ်ထားသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Mobile Team လရ-၂ တွဲဖက် တရားမ၀င် ထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲမှုရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစီးသည့် အဖွဲ့သည် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်ထိ ကာလအတွင်း တရားမ၀င် ကုန်သွယ်မှုများအား စစ်ဆေးပြီး Body Loction, Electric Frying Pan, Beer Chang, အချိုရည် (Queen, Dedo, Sprite), Lipovitan-D၊ ခရုဆီ၊ ငံပြာရည်၊ ခနောကြက်သားမှုန့်၊ Birdy Coffee၊ ပုစွန်နှစ်ကောင် စားဆီ၊ Gay-sogn တံဆိပ် စားအုန်းဆီ၊ အာဂါအာဂါ ကျောက်ကျောမှုန့်၊ ပလတ်စတစ်ဖျာ၊ ဆပ်ပြာမှုန့်၊ ဆိုင်ကယ်တာယာ၊ ဆိုင်ကယ်စီး ဦးထုပ်၊ GPW Si အင်ဂျင်ဝိုင် စသည့် ကျပ် ၈၂ ဒသမ ၄၈၂ သိန်း တန်ဖိုးရှိ ပစ္စည်းများ ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းတွင်  ပြည်ပမှ တရားမ၀င် ကုန်ပစ္စည်း တင်သွင်းမှုအား Mobile Team ဖြင့် အရေးယူ ဆောင်ရွက်မှု တင်းကျပ်လာပြီးနောက် နယ်စပ်မှ တရားဝင် ကုန်သွယ်မှု မြင့်တက်လာခဲ့ကြောင်း၊ တရားဝင် ကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်လာခြင်းနှင့် အတူ  မြ၀တီ နယ်စပ်မှ အောက်တိုဘာလအတွင်း  ပမာဏအားဖြင့် အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၇၁၉ သန်း  ကုန်သွယ်နိုင်ခဲ့ကြောင်းနှင့်  ယခုနှစ်အတွင်း မြန်မာ-ထိုင်း နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းအလိုက် ကုန်သွယ်မှုပမာဏမှာ တာချီလိတ်မှ အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၀၅၄ သန်း၊ မြ၀တီမှ အမေရိကန် ဒေါ်လာ ၁၆၁ ဒသမ ၆၉၁ သန်း၊ ကော့သောင်းမှ ၆၂ ဒသမ ၉၃၇ သန်း၊ မြိတ်မှ အမေရိကန် ဒေါ်လာ ၈၉ ဒသမ ၄၄၂ သန်း၊ နဘုလယ်မှ အမေရိကန် ဒေါ်လာ ၃၁ ဒ သမ ၇၁၂ သန်း၊ ထီးခီးမှ ၆ ဒသမ ၆၇၃ သန်း၊ မောတောင်မှ ၀ ဒသမ ၂၁၉ သန်း ရရှိခဲ့ကြောင်း သိရသည်။

Eleven

0 comments:

Post a Comment