Monday, November 11, 2013

အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းရန် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ)ဖွဲ့စည်း

ပြည့်စုံ၊ အေးမြင့်စန်း| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံ အလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ)ကို နိုဝင်ဘာ ၁၀ ရက်က နာရေးကူညီမှုအသင်း (ရန်ကုန်)၌ ကျင်းပသော မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ ညီလာခံတွင် ဖွဲ့စည်းလိုက်သည်။

ယင်းသို့ဖွဲ့စည်းရခြင်းမှာ တစ်နိုင်ငံလုံးရှိ အလုပ်သမားများ အဓိကရင်ဆိုင်နေရသည့် အချက်များဖြစ်သည့် အလုပ်သမားဥပဒေ၊ အနိမ့်ဆုံး လုပ်ခလစာ၊ အလုပ်ရှင်နှင့် အစိုးရ အခန်းဏ္ဍများနှင့် အလုပ်သမားသမဂ္ဂ များ၏ အခွင့်အရေးများ ချိုးဖောက်ခံရခြင်းကို ပူးပေါင်းဖြေရှင်း ကာကွယ်ပေးရန်ဖြစ်သည်ဟု ညီလာခံဖြစ် မြောက်ရေးဦးဆောင်စီစဉ်သူ Crown သံရည်ကျိုစက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုနော်အောင် က မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ)တွင် အလုပ်သမားသမဂ္ဂများမှ ကိုယ်စားလှယ် ၃၅ ဦးပါဝင်ပြီး ထပ်မံကျင်းပမည့် အလုပ်သမားသမဂ္ဂများ ညီလာခံတွင် အတည်ပြုဖွဲ့ စည်းသွားမည် ဖြစ်သည်။

မန္တလေးတိုင်း အခြေခံအလုပ်သမားအဖွဲ့အစည်းမှ ဥက္ကဋ္ဌဦးမျိုးသန့်က “မန္တလေးမှာ မြို့တွင်းလိုနေရာမျိုး မှာရှိတဲ့ စက်ရုံတွေမှာတောင် မပြရဲတာ၊ အခွင့်အရေး ချိုးဖောက်ခံရရင်တောင် ဆန္ဒမပြရဲဘူး၊ ဖြိုခွဲခံရနိုင် တဲ့ အန္တရာယ်ရှိတယ်။ တစ်နိုင်ငံလုံး အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းထားလိုက်ရင် အလုပ်သမားသမဂ္ဂ တွေ ဖြိုခွင်းခံရရင် အဖွဲ့ချုပ်တစ်ခုလုံးက ချိတ်ဆက် လုပ်ဆောင်လို့ရတယ်။ သမဂ္ဂဦးဆောင်သူတွေကို အလုပ်နေရာ အစားထိုး မပေးဘဲ အလုပ်က ထုတ်လိုက်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခြေခံ လုပ်ခစာနည်းပါးခြင်း၊ အလုပ်သမားဥပဒေများ၏ အားနည်းချက်များကြောင့် စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင် အလုပ်သမား ပြဿနာများ ဖြစ် ပွားနေခြင်းဖြစ်သည်ဟုလည်း အိုင်အယ်လ်အို၊ အလုပ်သမား၊ လယ်သမား အကူအညီပေးရေးအဖွဲ့၏ အထက်မြန်မာပြည်တာဝန်ခံ ဦးကိုကိုကြီးက ပြောသည်။

၎င်းက “အလုပ်သမား ပြဿနာဖြစ်တာကို တစ်ချက်တည်းနဲ့ ပြောရရင် အခြေခံဥပဒေရဲ့ အားနည်းချက်ပေါ့။ အခြေခံဥပဒေရဲ့ နောက်မှာက ၂၀၁၁ အလုပ်သမားဥပဒေရဲ့ အားနည်းချက်ကြောင့် ဆိုတာ အများ ကြီးတွေ့ရတယ်။ အဲဒီအားနည်းချက်တွေကြောင့် အလုပ်ရှင် အလုပ်သမားကြား အခြေခံ လစာ၊ အလုပ် သမားအခွင့်အရေး စတဲ့ပြဿနာတွေ အမျိုးမျိုးဖြစ်ကြတယ်”ဟု ဆိုသည်။

အဆိုပါညီလာခံတွင် အလုပ်သမားဥပဒေ၊ အနိမ့်ဆုံး လုပ်ခလစာ၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းနှင့် အလုပ်ရှင်နှင့်အစိုးရကဏ္ဍတို့တွင် အလုပ်သမားများမှ အဖွဲ့လိုက် ဆွေးနွေး ခဲ့ပြီး ရရှိလာသည့် အချက်အလက်များကို စာတမ်းထုတ်ပြန်သွားမည် ဖြစ်သည်။

ယင်းအပြင် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်လိုက်သည်နှင့်တစ်ပြိုင်နက် လုပ်ငန်းရှင်များမှ အလုပ်သမား လျှော့ချခြင်းများ ဖြစ်ပေါ်လာမည့်အခြေအနေကို အလုပ်သမားများမှစိုးရိမ်နေမှုများရှိနေရာ အဆိုပါဖြစ်စဉ် များ ဖြစ်ပေါ်လာပါက ၀န်ကြီးဌာနဘက်မှ အကာအကွယ်ပေးရန်၊ အလုပ်သမား သမဂ္ဂများတွင် ဦးဆောင် ပါဝင်နေသူများကို အလုပ်ထုတ်ခြင်းများကို ကာကွယ်ပေးရန်၊ အလုပ်သမား ဥပဒေနှင့် မညီညွတ်သော အရေးယူခြင်း၊ လစာဖြတ်ခြင်းကို အကာအကွယ်ပေးရန်တို့ကို အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ပေါင်း ၄၀ က ထုတ်ပြန်ချက် ထုတ်၍ တောင်းဆိုလိုက်သည်။

ရန်ကုန်တိုင်းတွင် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ခုံသမာဓိကောင်စီတွင် လုပ်ခလစာ နည်းပါးမှုကြောင့် လာရောက်တိုင်ကြားသည့် အငြင်းပွားမှု ၄၁ မှု၊ မြို့နယ်အဆင့်တွင် အမှု ၁၀၀၀ ဖြစ်ပွားခဲ့သည်ဟု အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီမှ ဦးရဲနိုင်ဝင်းကလည်း ပြောသည်။

“အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးတွင် တစ်ဦးချင်း အငြင်းပွားမှုတွေကို အရပ်ဖက် တရားရုံးတွေ မှာ ဖြေရှင်းဖို့ ဥပဒေအဆင့်သင့်မရှိတော့ အမှုကြန့်ကြာမှုတွေရှိတယ်၊ အလုပ်သမားက အမှုကြန့်ကြာ ရင် ငွေ ကြေးမတတ်နိုင်တော့ ရှုံးတာများတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများညီလာခံသို့ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မှအပ ကျန်တိုင်းနှင့်ပြည် နယ်ရှိ တရားဝင်ဖွဲ့စည်းခွင့်ရ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်း ၄၀ မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးသည်။

Mizzima

0 comments:

Post a Comment