Tuesday, November 26, 2013

ကလေးငယ်များကို စေခိုင်းကျူးလွန်စေသော ပြစ်မှုများအပြင် ကလေးတို့ကိုယ်တိုင်ကျူးလွန်သည့် အမှုအခင်းများ ဖြစ်ဆဲ

လက်ရှိတွင် မြန်မာနိုင်ငံ၌် အသက်မပြည့်သေးသည့် ကလေးသူငယ်များအား စေခိုင်းကျူးလွန်စေသော အမှုအခင်းများအပြင် ကလေးငယ်များကိုယ်တိုင် ကျူးလွန်သော အမှုအခင်းကြီးများ ဖြစ်ပွားနေခြင်းကို ယနေ့တိုင်တွေ့ရှိနေရဆဲ ဖြစ်သည်။

အဆိုပါဖြစ်စဉ်များသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများကို အတိအကျ လိုက်နာကျင့် သုံးနိုင်ခြင်းမရှိကြသည့်အပြင် ပြည်သူတို့၏ ဆင်းရဲနွမ်းပါးမှုများကို ယနေ့တိုင်လျှော့ချနိုင်မှု မရှိသေးခြင်း နှင့် ကလေးငယ်တို့၏ ပညာသင်ကြားနိုင်ခွင့် မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ကလေးသူငယ်လေ့လာသူ များက သုံးသပ်ကြသည်။

“အနာဂတ် တိုင်းပြည်ကောင်းစားဖို့ ရှုထောင့်က ပြောရရင်တော့ ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေးဟာ နိုင်ငံအတွက် မဖြစ်မနေလုပ်ဆောင်ရတော့မှာပါ။ ဒီကဏ္ဍကို မလုပ်နိုင်တာတွေ တွေ့နေရတယ်” ဟု စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ဆိုသည်။

ထို့ပြင်မိမိတို့နိုင်ငံတွင် တောင်းစားနေရသူများ၊ ပညာမသင်ကြားရသူများ မရှိပါဟု နိုင်ငံတကာသို့ လှည့် လည် ပြောကြားနေသော်လည်း နိုင်ငံ၏ နေရာအနှံ့အပြားတွင် အသက်မပြည့်သေးသော မိန်းကလေး ငယ်များနှင့် ယောက်ျားကလေးငယ်များမှာ အမှုအခင်းများ ကျူးလွန်၍ ပျက်စီးနေရခြင်းများ၊ စေခိုင်းခံ နေရခြင်းများနှင့် ရောင်းစားခံနေရသော အခြေအနေများကို တွေ့ရှိနေရဆဲဖြစ်သည်ဟု ဆိုသည်။

သာဓကတစ်ခုအနေဖြင့် ထောင်ကျနေသည့် ဖခင်ဖြစ်သူ သုံးစွဲရန်အတွက် ထောင်ဝင်စာတွေ့စဉ် မူးယစ် စိတ်ကြွ ဆေးပြားများပေးပို့ရန် ကြိုးစားခဲ့သည့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဖမ်းဆီးရမိမှု တစ်ခု နိုဝင်ဘာ ၂၀ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် ယင်းကဲ့သို့ မူးယစ်ဆေးဝါးတင်သွင်းရန် မိခင်ဖြစ်သူက ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိ ရပြီး မိခင်ကဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်နေသည်။

ထို့ပြင် ဆိုင်ပိုင်ရှင်တစ်ဦးက အသက်မပြည့်သေးသော ဆိုင်အလုပ်သမား မိန်းကလေးငယ်တစ်ဦးအား အခြားဈေးဆိုင်ခန်းတစ်ခုမှ ပစ္စည်းများကို ယူခိုင်းစေ၍ ခိုးမှုကျူးလွန်စေခဲ့မှုတစ်ခု နိုဝင်ဘာ ၁၇ ရက်က ပင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဖြစ်ပွားခဲ့သေးသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင် နိုဝင်ဘာ ၁၅ ရက်ဖြစ်ပွားခဲ့သည့် ရွှေထည်နှင့် ငွေသား တန်ဖိုး စုစုပေါင်း ကျပ် ၃၉ သိန်းဖိုး ခိုးယူခံရမှုတွင်လည်း ပြစ်မှုကျူးလွန်ခဲ့သူ နှစ်ဦးသည် အရွယ်မ ရောက်သေးသော ကလေးငယ်များဖြစ်နေသည်ကို တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်လိုက်သော ဓာတ်ပုံ များအရ တွေ့ရှိရသည်။

ထို့ပြင် ဆိပ်ကမ်းသာလမ်းရှိ အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်တစ်ခုတွင်ဖြစ်ပွားခဲ့သည့် ကွန်ပျူ တာခိုးယူမှုတွင်လည်း အမျိုးသမီးကြီးသုံးဦးက အရွယ်မရောက်သေးသော ကလေးငယ် သုံးဦးတို့နှင့် အတူ ပူးပေါင်းကျူးလွန်ခဲ့ကြသည်ကို အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသော စီစီတီဗီ ဗီဒီယိုမှတ်တမ်းတွင် မြင်တွေ့ရသည်။

ကလေးငယ်များ ပြုစုပျိုးထောင်ပေးနေသည့် လုမ်္ဗိနီကျောင်းတည်ထောင်သူ စာရေးဆရာကိုတာက “ဒါတွေက ဘယ်လိုမှ မဖြစ်သင့်တဲ့ဟာပါ၊ ဘာမှ သိနားလည်မှုမရှိတဲ့ကလေးတွေကို အလွဲသုံးစားလုပ် တာပေါ့။ ဒီလိုမျိုးလူတွေကိုလည်း ထိထိရောက်ရောက် အရေးယူအပြစ်ပေးသင့်ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ကလေးငယ်များ ပြစ်မှုကျူးလွန်ကြခြင်းနှင့် တလွဲအသုံးချခံနေရခြင်းများမှာ မိဘများ၏ ဆင်းရဲနွမ်းမှုကြောင့် ကျောင်းနေခွင့်၊ ပညာသင်ကြားခွင့် မရရှိကြခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ယင်းအပြင် စာသင်ကျောင်းများတွင်လည်း ကလေးငယ်တို့၏အကျင့်စာရိတ္တတို့အား ကောင်းမွန်အောင် ပြုပြင်နိုင်မှုမရှိခြင်း၊ ကလေးငယ်များနှင့် သင့်လျော်သော သင်ခန်းစာများ သင်ကြားပေးမှုမရှိခြင်းတို့ ကြောင့် ကျောင်းမပျော်ဘဲ ယခုကဲ့သို့သော အခြေအနေများသို့ ရောက်ရှိနေကြရသည်ဟုလည်း စာရေး ဆရာကိုတာက ထောက်ပြသည်။

“ကလေးတစ်ယောက် ကောင်းဖို့ တစ်ရွာလုံး လိုအပ်တယ်လို့ အဆိုရှိပါတယ်။ ဒီလိုမျိုးမကောင်းတဲ့ ကလေးတွေများလာနေတယ်ဆိုရင်တော့ ပက်ဝန်းကျင်တစ်ခုလုံးကို အပြစ်တင်ရတော့မှာပေါ့။ ကလေး ကတော့ အပြစ်တင်လို့မရဘူး။ ဘာမှ သိတာမဟုတ်လို့ သူ့ရဲ့ ပတ်ဝန်းကျင်ကိုပဲ အပြစ်တင်ရမှာပါ” ဟု ကိုတာက ဆိုသည်။

ထို့ပြင် ကလေးငယ်များအား လမ်းပေါ်တွင် အတွေ့များလာရခြင်းသည် ဘေးအန္တရာယ်တစ်ခုဖြစ်သည်ဟု ယူဆချက်များရှိနေပြီး ယင်းကဲ့သို့ ဖြစ်ပေါ်နေသည့် တိုင်းပြည်သည် ဆိုးရွားနေသော ပြယုဂ်တစ်ခုဖြစ် လာနိုင်သည်ဟု လွှတ်တော်အမတ် ဦးသိန်းညွန့်က အောက်ပါအတိုင်း ဝေဖန်သည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အဖွဲ့ဝင်ဖြစ်သည့် အောက်လွှတ်တော်အမတ် ဦးသိန်း ညွန့်က “ကလေးသူငယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်ပါ၊ သူတို့ကောင်းနိုင်ဖို့ ဘယ်လိုလုပ်ရ မယ်ဆိုတာ ကလေးသူငယ် ဥပဒေမှာ အသေးစိတ်ပါပြီးသားပါ၊ နောက်တစ်ခုကတော့ ဆင်းရဲနွမ်းပါးမှု အခြေအနေကို ထောက်ပံ့နိုင်မှု လုပ်ရမှာပါ၊ ကလေးသူငယ် ပြဿနာဆိုတာ နိုင်ငံရဲ့ စီးပွားရေးဖွဲ့ဖြိုးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့နဲ့ ဆိုင်ပါတယ်”ဟု ပြောပြသည်။

ကလေးသူငယ်များအား အလွဲသုံးစားပြုလုပ်ခြင်း၊ ပြစ်မှုများတွင် ခိုင်းစေခြင်းများကို ကလေးသူငယ် ဥပဒေတွင် ပြဋ္ဌာန်းပေးထားသည့် အချက်အလက်များအတိုင်း တိကျစွာဆောင်ရွက်ရန် လိုအပ်ကြောင်း နှင့် ပြစ်မှုကျူးလွန်ခဲ့ပြီးသော ကလေးသူငယ်များကိုလည်း ကလေးသူငယ်ဥပဒေဖြင့်ပင် ထိန်းကျောင်း ပြုပြင်ပေးဖို့လိုအပ်နေသည်။

“ကလေးသူငယ် အမှုအခင်းတွေကို ကြိုတင်ကာကွယ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဖြစ်ပြီးမှ အရေးယူ ရင်တော့ သိပ်ပြီးထိရောက်မှာမဟုတ်ဘူး၊ ဖြစ်ပြီး အရေးမယူကြတော့ ပိုပြီးဆိုးတာပေါ့။ ဒီဥပဒေနဲ့ ကလေးသူငယ်တွေအပေါ် ခေါင်းပုံဖြတ်နေတာတွေ၊ ခိုင်းစေနေတာတွေကို ထိရောက်စွာ အရေးယူဖို့လို ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောပြသည်။

ကလေးသူငယ်များ ကျူးလွန်လာကြသော ပြစ်မှုများကိုကြည့်၍ ယင်းတို့ကိုယ်တိုင် အကျင့်စာရိတ္တပိုင်း ဆိုင်ရာအားနည်းချက်များကြောင့် ကျူးလွန်ခြင်းနှင့် ပြစ်မှုကျူးလွန်ရန် တွန်းအားဖြစ်စေသော အချက် များ၊ ခိုင်းစေသော အချက်များကို စနစ်တကျဖော်ထုတ်၍ ရေတိုရေရှည် ပြုပြင်ထိန်းသိမ်းမှု စီမံကိန်းများ လည်း လိုအပ်နေသည်။

“လက်ရှိ နိုင်ငံက ဖွဲ့စည်းပေးထားတဲ့ လူမှုအဖွဲ့အစည်းတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း လေလွင့်ကလေး တွေ ပေါများနေတာ၊ တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေရှိနေတဲ့အတွက် ဒီအဖွဲ့အစည်းတွေ ဟာ ဒီကလေးတွေကို လာအပ်မှ စောင့်ရှောက်ရမယ်လို့ တလွဲယူဆထားတာလားလို့ မေးခွန်းထုတ်စရာ တွေ ဖြစ်နေပါတယ်” ဟု စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ထောက်ပြခဲ့သည်။

ထို့ပြင် နိုင်ငံကိုယ်စားပြုဖွဲ့စည်းထားသော ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့အစည်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့အစည်းများမှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများ၊ ညီလာခံများ ပြုလုပ်နေကြသော်လည်း နိုင်ငံအတွင်း တောင်းရမ်းစားသောက်နေရသော ကလေးငယ်များ၊ ခိုးကိုးရာ မဲ့နေသော ကလေးငယ်များနှင့် မိခင်များတွေ့ရှိနေရသည့်အတွက် ထောက်ပြစရာတစ်ခုဖြစ်နေပေသည်။
 Mizzima 

0 comments:

Post a Comment