Saturday, September 7, 2013

အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း ၀ါဝါ၀င်းကုမ္ပဏီက ဆက်လက် ဆောက်လုပ်နေမှုကြောင့် မူလမြေပိုင်ရှင်များ လာရောက်ကန့်ကွက်

8.1.1
စက်တင်ဘာ ၆ရက် မူလ မြေပိုင်ရှင် ၅၀ ခန့်က အဆောက်အဦ တည်ဆောက်နေမှုကို လာရောက် ကန့်ကွက်နေကြစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
အဆောက်အအုံ တည်ဆောက်ရန် မြို့တော်စည်ပင်မှ ခွင့်ပြုချက်မပေးဘဲ တားမြစ်ခဲ့သော်လည်း ၀ါဝါ၀င်းကုမ္ပဏီမှ ဆက်လက် ဆောက်လုပ်နေမှုကြောင့် ဗိုလ်တထောင်မြို့နယ်၊ မြေတိုင်းရပ်ကွက် ၉K ၃ ရပ်ကွက်၊ ၅၇ လမ်း၊ ၅၈ လမ်း၊ ၅၉ လမ်း၊ လမ်း ၆၀ မြေနေရာ (ယခင်စီအိုဒီဝင်း အတွင်းရှိ) မူလမြေပိုင်ရှင် ဦးရေ ၅၀ ခန့်က စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ယင်းမြေနေရာသို့ လာရောက်ကန့်ကွက် ခဲ့ကြကြောင်း သိရသည်။
မြို့တော်စည်ပင်မှ ယင်းမြေနေရာတွင် အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုချက်မပေးဘဲ ဆက်လက် ဆောက်လုပ်နေခြင်းကိုလည်း တားမြစ်ခဲ့သော်လည်း မူလနှစ်ထပ်ရှိ အဆောက်အအုံမှ ယခုလေးထပ်အထိ တိုးမြှင့်ဆောက်လုပ် လာခြင်းနှင့် ယင်းမြေနေရာ များအတွင်း ခြံဝင်းကာရံ လိုက်သည့်အတွက် ယခုကဲ့သို့ လာရောက် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မူလမြေပိုင်ရှင်များသည် နှစ် ၉၀ ဂရန် နှင့် နှစ် ၆၀ ဂရန်ရှိသူ အများစုဖြစ်ပြီး ၁၉၄၇ ခုနှစ်က ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာနတို့က ယင်းမြေကွက်များကို ငှားရမ်းခဲ့ပြီး ၁၉၉၄ ဇွန်လတွင် မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာနမှ ထိုမြေများကို နိုင်ငံတော် လိုအပ်ချက်ဟုဆိုကာ သိမ်းယူခဲ့ပြီး မည်သည့်စီမံကိန်းမှ ပြုလုပ်ခြင်းမရှိဘဲ ၂၀၀၃ ခုနှစ်တွင် ကုမ္ပဏီကြီးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝါ၀ါဝင်း ကုမ္ပဏီအပြင် ဧဒင်၊ ပတ္တမြားနဂါး၊ ယုဇနကုမ္ပဏီများမှ တစ်ကွက် ပျမ်းမျှအကျယ် ၂၅x၅၈ ပေဖြင့် စုစုပေါင်း ၇၁၃ ကွက်ရှိပြီး တည်နေရာမှာ ပျမ်းမျှအားဖြင့် (၅၇) လမ်းမှ လမ်း (၇၀) ၀န်းကျင်အထိ အလျား၊ ဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ အနံအဖြစ် တည်ရှိသော မြေကွက်လပ်များပေါ်တွင် အဆောက်အအုံများ တည်ဆောက်ကာ သိမ်းယူခဲ့သည့်အတွက် ဟုဆိုကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်မှာလည်း လေးကြိမ်ရှိ ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းမြေကွက်လပ်များပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများ အတွက် တရားဝင် စည်ပင်မှ ခွင့်ပြုသည်မှာ ၁၂ လုံးသာရှိကြောင်း သိရပြီး ယင်းကဲ့သို့ မြေပိုင်ရှင်ရှိသော မြေကွက်ပေါ်တွင် တရားမ၀င် ဆောက်လုပ်နေမှုကြောင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် ငါးကြိမ်မြောက် ဆက်လက် ဆန္ဒပြမည် ဖြစ်ကြောင်း သိရသည်။

Eleven

0 comments:

Post a Comment