Saturday, September 7, 2013

တောင်ဒဂုံမြို့နယ် အိုးအိမ်က သိမ်းယူထားသော လယ်များမှ လယ်သမားများ စိုက်ပျိုးစရိတ် ထုတ်ယူရာတွင် ထောက်ခံချက် မပေးသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

8.1.1
တောင်ဒဂုံမြို့နယ် ကျီစုအနောက်ကျေးရွာမှ လယ်သမားများ စိုက်ပျိုးစရိတ် လုံးဝမရရှိမှုကြောင့် ဆန္ဒပြနေ သည် ကို တွေ့ရစဉ်
စိုက်ပျိုးစရိတ် ထုတ်ယူရာတွင် ထောက်ခံချက် မပေးသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျီစု အနောက် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ကို လယ်သမား အခွင့်အရေးနှင့် စိုက်ပျိုးစရိတ် လုံးဝမရရှိမှု တို့ကြောင့် တောင်ဒဂုံမြို့နယ် ကျီစုအနောက်ရွာမှ လယ်သမားများက စက်တင်ဘာ ၆ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် လူဦးရေ တစ်ရာခန့်သည် တရားဥပဒေ စိုးမိုးရေး၊ လယ်သမား အခွင့်အရေး စိုးမိုးရေး၊ စိုက်ပျိုးစရိတ် ချေးငွေအပြည့် ရရှိရေးနှင့် ပြည်သူ့ဝန်ဆောင်မှု ပျက်ကွက်သည့် ၀န်ထမ်းအလိုမရှိ စာတမ်းပါ ဆိုင်ဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်သံများနှင့်အတူ တောင်ဒဂုံမြို့နယ် အားကစားကွင်းသို့ စီတန်းလှည့်လည် ခဲ့ကြသည်။
''ကျွန်တော်တို့ လယ်ကွက်တွေကိုတော့ အိုးအိမ်က စီမံကိန်း မြေကွက်တွေထဲမှာ ပါနေလို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက လက်မှတ်မထိုးပေးဘူး။ ကျွန်တော်တို့ လယ်တွေကို ဘိုးဘွားအစဉ်အဆက် လုပ်လာတာပါ။ ၁၉၉၀ ကျော်နှစ်တွေမှာစပြီး အစိုးရက သိမ်းတယ်။ သိမ်းပြီးပေမယ့် လယ်လုပ်ကိုင်ခွင့် ရပါသေးတယ်။ အခြားရွာတွေလည်း အသိမ်းခံရထား ရပေမယ့် စိုက်ပျိုးစရိတ် ရကြပါတယ်'' ဟု ကျီစုအနောက် ကျေးရွာမှ လယ်သမား ကိုဝင်းညွှန့်က ပြောကြားခဲ့သည်။
ကျီစုအနောက် ကျေးရွာ၌ လယ်ဧကပေါင်း တစ်ထောင်ခန့်တွင် လယ်သမား တစ်ရာကျော်ခန့် လုပ်ကိုင်နေကြောင်း၊ ၂၀၁၃ ခုနှစ် ဇွန်လပိုင်းက တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ချေးငွေကိစ္စအတွက် သွားရောက် ပြောဆိုသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။
''ကျွန်တော်တို့ အနေနဲ့ သူတို့ဆီက ပိုက်ဆံကိုမျှော်ပြီး စိုက်ပျိုးဖို့ စောင့်နေတဲ့ အခါမှာ ပျိုးပင်တွေ ပျက် စီးတာ၊ စိုက်ပျိုးချိန် နောက်ကျတာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ စိုက်ပျိုး စရိတ် ချေးငွေမရရှိတဲ့အခါ အပြင်ကချေးပြီး စိုက်ရပါတယ်။ အတိုးတွေနဲ့ဆိုတော့ ကိုယ်ရလာတဲ့ အထဲကနေ ပြန်ပေးရတယ်။ တစ်ဧကကို တစ်သိန်းနှုန်းနဲ့ အခြားရွာတွေမှာ ချပေးတာရှိတယ်။ အခုဆို ဓာတ်မြေသြဇာ ကျွေးရမယ့်အချိန် ရောက်လာပေမယ့် မကျွေးနိုင်ဘူး ဖြစ်နေတယ်။ ချေးငွေလေးသာ ရခဲ့မယ်ဆိုရင် တောင်သူလယ်သမား တွေအတွက် အင်မတန်ကို အဆင်ပြေမှာပါ'' ဟု ကျီစု အနောက်ကျေးရွာမှ လယ်သမားဦးတိုးတိုးက ပြောကြားသည်။
ကျီစုအနောက်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းစိုးက ''သူတို့ကို စိုက်ပျိုးစရိတ် ချေးငွေ မချေ ပေးဘူး ဆိုတာ သူတို့ထွန်နေတဲ့ လယ်ကွက်က အိုးအိမ်က သတ်မှတ်ထားတဲ့ စီမံကိန်း မြေကွက် ထဲမှာ ပါနေတယ်'' ဟု ပြောကြားခဲ့သည်။

Eleven

0 comments:

Post a Comment