မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု 
ဆရာဝန်ကြီး တစ်ဦး နေအိမ် အတွင်း ဆေးထိုးအပ်နှင့်အတူ စက်တင်ဘာ ၃ ရက်၊ 
နံနက်ပိုင်းက သေဆုံးလျက်ရှိပြီး သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ 
ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း သင်္ဃန်းကျွန်း 
မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်က စက်တင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။
"သေဆုံးသွားတဲ့ ဒေါက်တာနိုင်လင်းကို နေအိမ်ခုတင်ဘေးမှာ ဆေးထိုးအပ်နဲ့အတူ
 တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ အတိအကျကတော့ 
ဆေးစာပြန်ကြားချက်ရမှ သိရပါတယ်။ သေဆုံးသူရဲ့ ဇနီးသည် အပြင်ကပြန်လာမှ 
သေနေတာကို တွေ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဒေါက်တာသေဆုံးတဲ့ သတင်းကို ၈
 နာရီလောက်မှ သိရပါတယ်" ဟု သင်္ဃန်းကျွန်း မြို့မရဲစခန်းမှူး 
ဒုရဲမှူးသိန်းဟန်က ပြောကြားသည်။
သေဆုံးသူသည် ဇနီးဖြစ်သူနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံ 
အတွင်းရှိ အလုပ်သင် ဆရာဝန် အဆောင်တွင် နေထိုင်သူဖြစ်ပြီး ယခင်က 
စံပြဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ယင်းနောက် မြောက်ဥက္ကလာပမြို့နယ် 
ဆေး ၂ တွင် ကထိကအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင် ခဲ့ကြောင်း သေဆုံးသူ၏ 
ဖခင်က ဆိုသည်။
ဒေါက်တာနိုင်လင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ဒုရဲမှူးသိန်းဟန်က သေဆုံးသူ 
ဒေါက်တာနိုင်လင်း၏ ခုတင်ခြေရင်းတွင် ထောင်ထားသော ၀ှိုက်ဘုတ်တွင် I love you 
very much Hnin Hnin ဟု ရေးသား ထားမှုမှာ မသေခင် ဒေါက်တာနိုင်လင်းမှ 
ရေးသားထားခြင်း ဖြစ်သည်ဟု ယူဆရကြောင်းနှင့် အဆိုပါ စာတန်းအောက်တွင် 
ဒေါက်တာနိုင်လင်းက လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
အဆိုပါ ဒေါက်တာနိုင်လင်း သေဆုံးမှု ဖြစ်စဉ်ကို သင်္ဃန်းကျွန်း 
မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၃ ဖြင့် အမှုဖွင့် 
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒုရဲမှူးသိန်းဟန်က ပြောကြားခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၁ ရက်က ရန်ကင်းသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် 
သွားအတုဌာနတွင် တာဝန် ထမ်းဆောင်နေသော ကထိက ဆရာဝန်တစ်ဦးသည် ရန်ကင်းမြို့နယ်၊
 ၅ ရပ်ကွက်၊ ရွှေအုန်းပင် အိမ်ရာ ၂ ရှိ နေအိမ်တိုက်ခန်းအတွင်း ရေချိုးခန်း၏ 
ထုပ်တန်းတွင် နိုင်လွန်ကြိုးကွင်းစွပ်ကာ သေဆုံးခဲ့ကြောင်း သိရပြီး 
ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်ကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှူး 
ဒုရဲမှူး ဇော်ဇော်ထံမှ သိရသည်။
Eleven 
0 comments:
Post a Comment