အင်းသူ၊ အင်းသားတို့ ဆုံစည်းကြသည့် အင်းဆုံစည်းရာနေ့ ကျင်းပခြင်းခ မှနောက်နောင်တွင် အင်းအမျိုး သားနေ့ အသွင်ကူးပြောင်းကျင်းပ သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း အင်းစာပေနှင့် ယဉ်ကျေးမှုအသင်း က ပြောဆိုသည်။
အင်းဆုံစည်းရာနေ့ ကျင်းပနိုင်ရန် အကြိုညှိနှိုင်းသည့် အစည်းအဝေးကို စက်တင်ဘာ ၈ ရက်က ညောင်ရွှေ ရှိ၊ ဖောင်တော်ဦးဘုရား၊ ထိန်ထိန်လင်းကျောင်းဆောင်တွင် ပြုလုပ်ခဲ့ရာတွင်အင်းစာပေနှင့် ယဉ်ကျေးမှု အသင်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။
“ကျွန်တော်တို့ အင်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ်မှုကို နိုင်ငံတ၀န်းလုံးမှာရှိတဲ့ တိုင်းရင်းသားများ လိုပဲ အမျိုးသားနေ့ အသွင်ကူးပြောင်းနိုင်အောင် အမျိုးသားနေ့ လက္ခဏာဆောင်မဲ့ရည်ရွယ်ချက်နဲ့ အားလုံးဝိုင်းဝန်း စီစဉ်ကြတာပါ” အင်းစာပေနှင့် ယဉ်ကျေးမှုအသင်း အမှုဆောင်ဦးသာဒိုးက မဇ္ဈိမကိုပြော သည် ။
ထို့ပြင် ယခုပြုလုပ်ရခြင်းမှာ အခြားတိုင်းရင်းသားများ တွေ့ဆုံသည့်နည်းတူ အင်းသူ၊ အင်းသားများ တစ်နှစ်တစ်ကြိမ် သီတင်းကျွတ်ပွဲတော်တွင် တွေ့ဆုံကြသည့်အတိုင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် တစ်နိုင်ငံလုံးတွင်ရှိသည့် အင်းသူ၊ အင်းသားများ ဆုံစည်းစေလိုခြင်းဖြစ်ကြောင်း ဦးသာဒိုးက ထပ်မံ ပြော ကြားသည်။
ကျင်းပရေး ဦးစီးကော်မတီအနေနှင့် ဆုံစည်းရာနေ့ ကျင်းပနိုင်ရန် နိုင်ငံ တစ်ဝန်းမှ အင်းသူ၊ အင်းသားများ ပါဝင် လှူဒါန်းထားသည့် မတည်ငွေကျပ် သိန်းခြောက်ဆယ်ခန့် ရရှိနေပြီဖြစ်သည်။
ယခင်ကျင်းပခဲ့သည့် နှစ်ကြိမ်က ပါတီတစ်ခုမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး “ဒီနှစ်မှတော့ အင်းသား၊ လူငယ်မောင်မယ်တွေ၊ ပါတီစုံ၊ အလွှာစုံ၊ အင်းသားလူမျိုး အသီးသီးကနေပြီးတော့ ၀ိုင်းဝန်းပါဝင် ဆင်နွှဲခွင့် ရအောင် ဦးစီးလုပ်ဆောင်နေပါတယ်” သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းလောဝ်ခမ်းက မဇ္ဈိမ ကိုပြောသည်။
ဆုံစည်းရာနေ့ကို အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးကျောင်းတော်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်တွင် အင်းလေးရိုးရာ၊ လှေလှော်ပြိုင်ပွဲများ၊ ဘုရားမီးပူဇော်ခြင်း၊ မီးကြာမျှောခြင်းတို့အပါ အ၀င် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
ဖြစ်မြောက်ရေးအစည်းအဝေးသို့ အင်တိုင်းရင်းသားရေးရာဝန်ကြီး အပါအ၀င်၊ ပါတီများ၊ လူမှုရေးအသင်း များနှင့် သံဃာတော်များ စုစုပေါင်းခြောက်ရာခန့် တက်ရောက်ခဲ့ပြီး ယခုကျင်းပခြင်းသည် တတိယ အကြိမ် မြောက်ဖြစ်သည်။
Mizzima
0 comments:
Post a Comment