Sunday, August 11, 2013

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုးမှု ၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ထက်ဝက်ကျော်၏ ကျူးလွန်သူများကို ဖမ်းမမိသေး

B-11-8
လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်ကုမ္ပဏီမှ ငွေကျပ်သိန်း ၉၀၀ ကျော်ခိုးမှုမှ ကျူးလွန်သူများအား သက်သေခံငွေများနှင့် တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း ခိုးမှုဖြစ်စဉ် ၆၀၀ ကျော် ဖြစ် ပွား ခဲ့ပြီး ဖြစ်စဉ်ထက်ဝက်ကျော်၏ ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ခုနစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခိုးမှုဖြစ်စဉ် ၆၂၉ မှု ဖြစ်ပွားခဲ့ပြီး ၃၁၄ မှု၏ ကျူးလွန်သူ များကို ဖော်ထုတ်နိုင်ခဲ့ကာ ကျန် ၃၁၅ မှုမှာ ကျူးလွန်သူများကို စုံစမ်းနေဆဲသာ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင်လိုက် အနေဖြင့် အရှေ့ပိုင်းခရိုင်တွင် ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး ၉၂ မှု စွဲဆိုတင်ပို့ခဲ့ကြောင်း၊ အနောက်ပိုင်းခရိုင်တွင် ၂၃၅ မှု ဖြစ်ပွားခဲ့ပြီး ၈၈ မှု စွဲတင်ပို့ ခဲ့ကြောင်း ၊ တောင်ပိုင်း ခရိုင်တွင် ၆၇ မှု ဖြစ်ပွားခဲ့ပြီး ၃၆ မှု စွဲဆိုတင်ပို့ခဲ့ပြီး၊ မြောက်ပိုင်းခရိုင်တွင် ၁၃၃ မှု ဖြစ်ပွားခဲ့ပြီး ၄၅ မှုသာ စွဲဆိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ကျပ်သိန်း ၉၀၀ ကျော် ခိုးခံရသည့် ဖြစ်စဉ်တစ်ခုမှာ သြဂုတ် ၄ ရက် နံနက် ၉ နာရီခန့်တွင် လှိုင်သာယာ မြို့နယ်ရှိ အရှေ့တိုးတက်မှု အထည်ချုပ်ကုမ္ပဏီရုံးရှိ ငွေထိန်းခန်းအတွင်း၌ ငွေကျပ်သိန်း ၉၀၀ မှာ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
 အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများကို သြဂုတ် ၅ ရက်တွင် တွံတေးမြို့နယ်နေ စက်ပြင်တစ်ဦးဖြစ် သူ ကျော်ရဲလွင် (ခ)ကျော်ဇင်ဟိန်းနှင့် စက်မှုဇုန် (၄) လှိုင်သာယာမြို့နယ်နေ စက်ချုပ်ဝန်ထမ်း တစ်ဦးဖြစ်သူ အောင်ကိုကို (ခ)သန်းလှိုင်တို့နှစ်ဦးအား လှိုင်သာယာမြို့နယ်ရှိ နေအိမ်တွင်ပင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။            
အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူး ၀င်းကြည်က "ခိုးမှုတွေ လျော့ကျဖို့အတွက် လှည့်ကင်း၊ ပတ်လှည့်ကင်း၊ ခြေလျင်၊ မော်တော်ယာဉ်တွေနဲ့ ကင်းလှည့်နေတယ်။ ပြည်သူလူထုကိုလည်း ခိုးမှုတွေဖြစ်တတ်တဲ့ သဘာဝတွေကို ပညာပေးမှုတွေ ပြုလုပ်တယ်။ တချို့ခိုးမှုဖြစ်စဉ်တွေကို လာတိုင်တဲ့ အခါမှာ လွန်ခဲ့တဲ့ နှစ်လသုံးလက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်နေတယ်။ အဲဒီတော့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အခင်းဖြစ်နေရာတွေ ပျက်စီးနေတဲ့အတွက် တရားခံကို ဖော်ထုတ်ရာမှာ အခက်အခဲတွေ ရှိနေတယ်။ ပြီးတော့ အိမ်တွင်းခိုးမှုတွေဆိုရင် မိသားစုဝင်တွေကို ခေါ်မေးတဲ့ အခါမှာလည်း မကြိုက်တဲ့အတွက် စစ်ဆေးတဲ့အခါမှာလည်း အခက်အခဲတွေ ရှိနေပါတယ်" ဟု သြဂုတ် ၁၀ ရက် နံနက်ပိုင်းက ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက "လက်ကျန်အမှုတွေထဲမှာတော့ တရားခံ မိပြီးတော့ စစ်ဆေးနေတဲ့အမှုတွေ ရှိသလို၊ တရားခံ မမိသေးဘဲ စုံစမ်းစစ်ဆေးနေတဲ့ အမှုတွေလည်း ရှိပါတယ်" ဟု သြဂုတ် ၁၀ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

EMG

0 comments:

Post a Comment