Sunday, August 11, 2013

အခြားနိုင်ငံများမှ ဖက်ဒရယ်ပုံစံများသည် မြန်မာနိုင်ငံတွင် မဖြစ်နိုင်ဘဲ တိုင်းရင်းသားပြည်သူများ အကျိုးရှိစေမည့် ဖက်ဒရယ်ကိုသာ ထူထောင်ရမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

O-11-8
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို သြဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဇင်ဘိုလွင်)
အခြားနိုင်ငံများမှ ဖက်ဒရယ်ပုံစံများသည် မြန်မာနိုင်ငံတွင် မဖြစ်နိုင်ဘဲ တိုင်းရင်းသားပြည်ထောင်စု သားများ အကျိုးရှိစေသော ဖက်ဒရယ်ကိုသာ ထူထောင်ရမည်ဟု သြဂုတ် ၆ ရက်က လွှတ်တော်ဝင်း အတွင်း ပြုလုပ်သည့် တိုင်းရင်းသားများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်း ဆွေးနွေး ပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းသည် သြဂုတ် ၆ ရက်တွင် ပြု လုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နာယကအဖြစ် ပထမဆုံး တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေး မတိုင်မီ လွှတ်တော်ဝင်းအတွင်းရှိ သဘင်ခန်းမဆောင်တွင် တိုင်းရင်းသားများ အခွင့်အရေး ကာကွယ်သည့် ဥပဒေကြမ်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်း ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပြီး ဖက်ဒရယ်နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ကျွန်တော်တို့နိုင်ငံမှာ ဘယ်လိုဖက်ဒရယ်စနစ် သုံးမှာလဲ၊ တည်ဆောက်မှာလဲ၊ ကျွန်တော်တို့နိုင်ငံထဲမှာ ရှိထားတဲ့ တိုင်းရင်းသား ပြည်သူများ ၊ ပြည်ထောင်စုသားများ အကျိုးရှိစေသော ဖက်ဒရယ်ပဲ ဖြစ်ရမယ်။ အမေရိကန် ဖက်ဒရယ်ပုံစံ မဖြစ်ရဘူး။ မဖြစ်နိုင်ဘူး။ ဂျာမနီဖက်ဒရယ် ပုံစံမျိုးလည်း မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ဆွစ်ဇာလန် ဖက်ဒရယ် ပုံစံမျိုးလည်း မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံနဲ့ မြန်မာတိုင်းရင်းသားများနဲ့၊ မြန်မာပြည်သူ လူထုနဲ့ လိုက်လျောညီထွေပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အကျိုးစီးပွားဖြစ်စေမယ့် ဖက်ဒရယ် စနစ်ကိုပဲ ကျွန်တော်တို့ ထူထောင်ရမယ်" ဟု နိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
သူရဦးရွှေမန်းသည် ဇွန်လအတွင်း အမေရိကန်သို့ သွားရောက်လည်ပတ်စဉ်အတွင်း သမ္မတ လုပ်လို သည်ဟု တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ခြင်း မဟုတ်ဘဲ ပေါင်းစည်းနေထိုင်၍ အာဏာကို ခွဲဝေသုံးစွဲရန်သာ ဖြစ်ကြောင်းလည်း ပြောကြားသည်။
ယခင်စစ်အစိုးရ လက်ထက်က ဖက်ဒရယ်ဆိုသည်ကို ခွဲထွက်ခြင်းဟု ယူဆကာ စိုးရိမ်မှုများ ရှိခဲ့သော်လည်း ယခုအခါတွင် ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ခြင်း မဟုတ်ဘူးဆိုသည်ကို လက်ခံလာခြင်း၊ တပ်မတော် စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးမှ ယင်းကဲ့သို့ ပြောကြားမှုများ ပြုလုပ်ခဲ့မှုအပေါ် တိုင်းရင်း သားခေါင်းဆောင် အချို့က ကြိုဆိုခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇူလိုင် ၃၁ ရက်က ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကို ယခင်နာယက ဦးခင်အောင်မြင့်ထံမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၆ ရက်က ပြု လုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျမှသာ နာယကအဖြစ် စတင် တာဝန်ယူ ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ စတင်တာဝန်မယူမီ တိုင်းရင်းသားများ အဓိက တောင်းဆိုနေသော ဖက်ဒရယ် ပြည်ထောင်စု စနစ်အတွက် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။

EMG

0 comments:

Post a Comment