ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ခြောက်ဆယ်ကျေးရွာနှင့် ရိုးကြီး ကျေးရွာများရှိ လယ်သမား ၇၀ ခန့် သည် ယခုနှစ် အတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေမရရှိဘဲ ဖြစ်နေသည်ဟု အဆိုပါ လယ်သမားတို့က သြဂုတ် ၁၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
မိုးစပါးချေးငွေများကို ဇွန်၊ ဇူလိုင်လများတွင် စတင်ထုတ်ချေးခြင်းဖြစ်သော်လည်း ယခုအချိန်ထိ မရသေးသည့်အပေါ် လယ်သမားတို့က ဆိုခြင်းဖြစ်သည်။
“အမှန်တကယ် လယ်စိုက်တဲ့ လယ်သမားတွေ စိုက်ပျိုးစရိတ်မရကြတာ။ လယ်စိုက်ပျိုးစရိတ်ချေးငွေ မရတဲ့အတွက် လယ်သမားတွေမှာ အခုဆို စိုက်ပြီးတဲ့ လယ်တွေကို ဓာတ်မြေသြဇာကျွေးဖို့၊ ပေါင်းသင်ဖို့အတွက် ငှားရမ်းဖို့ ပိုက်ဆံ မရှိကြတော့ဘူး”ဟု ရိုးကြီးကျေးရွာမှ လယ်သမား ဦးကျော်အောင်က ပြောသည်။
အဆိုပါ လယ်သမားများသည် နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေ ရရှိခဲ့ပြီး ယခုနှစ်တွင်သာ စိုက်ပျိုးစရိတ် မရရှိ ခြင်းဖြစ် သည် ဟုလည်း လယ်သမားတို့က ဆိုသည်။ ထို့ကြောင့် သြဂုတ် ၆ရက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြို့နယ်အုပ်ချူပ်ရေးမှူးရုံးများသို့ လယ်သမားတို့က စာရေးသား တင်ပြထားသည်။
“လယ်သမားတွေ စိုက်ပျိုးစရိတ်ချေးငွေ မရတာက စိုက်ဘဏ်က တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေရဲ့ အားနည်းချက်တွေကြောင့် မရကြတာ။ ရတဲ့လူတွေမှာလည်း ဧကအပြည့်မရတာတွေရှိတယ်။ အခုလယ်သမားတွေ ကတော့ လုံးလုံးကို မရတာပါ”ဟုလည်း ခြောက်ဆယ်ကျေးရွာမှ လယ်သမားတစ်ဦး ဖြစ်သူ ဦးဝင်းခိုင်စိုး က ပြောသည်။
လယ်သမားတို့ စိုက်ပျိုးစရိတ်ချေးငွေ မရရှိမှုနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဒေါ်ရီရီ ကြိုင်က “ဒီတောင်သူတွေ ဘဏ်ချေးငွေ ရခြင်းမရခြင်းကို ကျွန်မတို့မသိပါဘူး။ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေဆီက တက်လာ တဲ့ စာရင်းတွေအရသာ ပေးရတာဖြစ်တဲ့အတွက် စိုက်ပျိုးစရိတ်ချေးငွေ မရတာဟာ အုပ်ချုပ်ရေးမှူးတွေနဲ့ပဲ ဆိုင်ပါတယ်” ဟု မဇ္ဈိမ၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လေးမျက်နှာမြို့နယ် ခြောက်ဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေကို မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပါ။
လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေကို ဇူလိုင်လတွင်း ထုတ်ချေးခဲ့ပြီး ချေးငွေမရရှိသော လယ်သမား ၇၀ ဦးခန့်မှာ လယ်စိုက်ဧက ၂၀၀ ကျော်ရှိပြီး ချေးငွေမရရှိမှုအပေါ် သက်ဆိုင်ရာဌာနများသို့ စာရေးသား တင်ပြထားပြီး ထူးခြားမှု မရှိပါက ဆန္ဒဖော်ထုတ်သွားကြမည်ဟုလည်း လယ်သမားတို့က ပြောသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများကို မိုးစပါးချေးငွေထုတ်ချေးရာ သြဂုတ် ၁၃ ရက်အထိ ကျပ်သန်းပေါင်း ခုနစ်သိန်းကျော် ထုတ်ချေးပြီးဖြစ်ရာ ယခုနှစ် မိုးချေးငွေအတွက် ကျပ်သန်းပေါင်း ၁၀ သိန်းခန့် ထုတ်ချေးပေးရန် လျာထားသည်။
ယခုနှစ်အတွက် ချေးငွေကို ဇွန်လမှ စတင် ထုတ်ချေးပေးခြင်းဖြစ်ပြီး သြဂုတ်လကုန်အထိ ထုတ်ချေးပေးမည်ဟုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။ ယခုနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကို တစ်ဧကလျှင် တစ်သိန်း သတ်မှတ်ထားသည်။
Mizzima News
Monday, August 19, 2013
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ လယ်ဧက ၂၀၀ ကျော် စိုက်ပျိုးသည့် တောင်သူ ၇၀ တို့ စိုက်ပျိုးစရိတ် ချေးငွေမရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment