Monday, August 19, 2013

ပြန်တွေးမိခဲ့သော Chatting ပထမဆုံး အတွေ့အကြုံ






အချိန်ကား ၂၀၀၅ ခုနှစ်ခန့်။ အင်တာနက် ချက်တင်များ အကြီးအကျယ် အုန်းအုန်းထ ခေတ်စားနေသောကာလ။ MIRC တို့ Friendstar တို့ဆိုတာ ဆယ်ကျော်သက် လူငယ်များ ပါးစပ်ဖျားတွင် အမြုပ်ထအောင် ပြောဆိုနေကြသော ကာလ ဟုလည်း ထင်သည်။ အဆောင်အတူနေသူ သူငယ်ချင်းများမှ ချက်တင် အကြောင်း မစားရ ၀ခမန်း လာလာပြောနေသော အခါ မောင်ပွ တစ်ယောက် ချက်တင်ဆိုတာ ဘာပါလိမ့်ဟု လက်တည့်စမ်းချင်စိတ်များ ပေါ်လာလေ၏။ သည်လိုနှင့် စနေ တနင်္ဂနွေ ရုံးပိတ်ရက် တစ်ရက်တွင်တော့ လှည်းတန်းရှိ Net Paradise ဆိုသည့် အင်တာနက်ဆိုင်သို့ သူငယ်ချင်းမှ ခေါ်သွားသော အခါ မယောင်မလည်နှင့် ပါသွားလေသည်။ အခန်းတံခါးဖွင့်လိုက်တော့ အမယ် မဆိုးဘူးပဲ ကောင်လေးတွေရော ကောင်မလေးတွေရော တစ်တောက်တောက်နှင့် စာရိုက်လိုက် ကွန်ပျူတာ စခရင် ကြီးကြည့်ပြီး ရီလိုက်နဲ့ အလုပ်ရှုပ်နေကြတာ ကြည့်လို့တော့ အကောင်းသား။ သို့နှင့် မောင်ပွက စက်တစ်လုံး မောင်ပွ သူငယ်ချင်းက စက်တစ်လုံး အသီးသီးနေရာ ယူပြီးကြလျှင် စချက်ရန် ပြင်ကြတော့သည်။ ဘေးချင်းကပ်နေရာတော့ မရ။ ဆိုင်မှ ၀န်ထမ်းလေးက လာကူညီပေးသည်။

“ အစ်ကို Nick name ပြောပါ”

“ ဘရက်ပစ်”

“ ခွီးးးးးးးးးးဂယ် ဘရက်ပစ် လုပ်မှာလားငင်”

“ အေး လုပ်မယ်”

“ Password ကွကိုယ်ရိုက်ထည့်လိုက်ပါ အစ်ကို”

“ ညီလေးပဲ ရိုက်ပေးလိုက်ပါကွာ”

“ အော် ဟုတ်ကဲ့ ဘာရိုက်ပေးရမလဲငင်”

“ ဂျိုလီ ၁၅၀၀”

“ ငွန့်”

သို့နှင့် မောင်ဘရက်ပစ် တစ်ယောက် MIRC Chat Room ပေါ်သို့ စတင်ခြေချလေပြီ။ ရှာစမ်း ရှာစမ်း ကောင်မလေး နာမည်တွေ။ ဟားးးးးးးးးအညားးးဂျီးပါလား။ သူ့နာမည်လေးက ချစ်စရာလေး သူလေးကလဲ ဂွတ် သူ့နာမည်လေးက ရှားရှားပါးပါးလေး စည်ဖြင့် တွေ့သမျှအား စ ဟိုင်းလိုက်ရာ အယောက်၂၀ ခန့် ဖြစ်သွားတော့သည်။ ကတောက် ဘယ်သူမှလည်း ပြန်မဟိုင်းကြသေးပါလား။ ဧကန္တ ဘရက်ပစ် ဆိုတော့ မချက်ရဲကြတာလဲ ဖြစ်နိုင်ပေသည်။ ကိုယ်တွေက သူငယ်ချင်းပြောဖူးတာ နားထောင်ဖူးတာနဲ့ မြန်ဂလိရှ် ဘယ်လိုရိုက်ရမလဲ ကြိုသိနေတော့တော်သေးသည်။ ခဏ ကြာတော့ မီးနီလေး တစ်လုံး လင်းလာသည်။

“ ဟိုင်း”

ဟာ ပြန်ဟိုင်းပြီဟ။ ဘရက်ပစ်တော့ ပွပြီ။ပြန်ရိုက်မှ

“ ဟိုင်းဟိုင်း”

“ Who?”

“ ဘရက်ပစ် “

“ a s l pls”

ငင် ဒါကြီးက ဘာကြီးတုန်း။ ဘယ်လိုပင် အသံထွက်အောင် စာလုံးပေါင်းသော်လည်း အသံက မထွက်တတ်။ အက်စ်ပလပ်စ်လား မဟုတ်သေးပါဘူး အစလိစ် ငင် ဒါလဲ ဟုတ်ပါဘူး။ ချွေးများပင် ပျံလာလေသည်။ မတတ်နိုင် ဟိုးဘက်ခုံမှ သူငယ်ချင်းအား ပြေးခေါ်ကာ မေးတော့ Age sex location please ဆိုပါလား။ ဘုရား ဘုရား။ ဒါနဲ့ ကီးဘုတ်ပြန်ကိုင်

“ I am 21 years old boy from yangon. I have one sister. My parents are”

“ ဟေ့ကောင် မင်းကို Myself အကြောင်း စာစီကုံးခိုင်းနေတာ မဟုတ်ဘူး လဒ”

“ ငင် တိဘူးလေ သူက ငါ့အကြောင်းမေးနေတာကိုး”

“ အတိုကောက်ပဲ သုံး 21 M Ygn ဆို ရဘီ သူလဲပေါက်တယ်”

“ အော် ဂလိုလား”

ဒါနဲ့ ပြန်ရိုက်ထည့်။ သူကလဲ ပြန်ပြော။ အမယ် ၁၈ နှစ်ဆိုပါ့လား။ ငယ်ငယ်လေးပါရား။ ဟီးဟီး။

“ R U matriculation student?”

“ U 1”

ငင် ဘယ့်နှယ် ငါက ၀မ်း ရမှာလဲ။ ၀မ်းဆိုတာ အာဇာနည် မိန်းမလေ။ ငါက ဘရက်ပစ်ဟဲ့ ဘရက်ပစ်။

“ No, I am not one, I am Brad Pitt ha’ ha’”

“ Funny guy”

အမယ် မဆိုးပါဘူး။ ကောင်မလေးကလဲ ပျော်တတ်မယ် ထင်တယ်။

“ တားက ချက်တင်ကို ဒီနေ့မှ စသုံးတာပါညော်”

“ Me 2”

ဘာလဲဟ မီတူး ဆိုတာ သူ့နာမည် ကြီးလား မသိ။ ဘာလူမျိုး ပါလိမ့်။ အိမ်နာမည် ထင်တယ်။ ဘာပဲ ဖြစ်ဖြစ် မြှောက်ပင့်ပေးလိုက်အုံးမှပါလေ။

“ Nice name”

“ Ann"

သို့နှင့် အိုးနင်း ခွက်နင်း ချက်ပြီးသကာလ အတော် အတန် ရင်းနှီးသွားလေတော့သည်။ ကြာတော့ မရိုးမရွ ဖြစ်လာသည်။ အကြောင်းရင်းက ကောင်မလေးပုံကို မြင်ဖူးချင်၍ ပင်။ ချစ်ချာလေးပဲနေမှာ ငိငိ။

“ ဓါတ်ပုံ ပြပါလားငင်”

“ ကာလာနဲ့ လား လိုင်စင်နဲ့လား”

“ ဗီနိုင်းလောက်ဆို တော်ပါဘီ ငင် ဟုတ်ပါဘူး”

“ U 1”

ငင် လာပြန်ဘီ။ ဒီလောက် မဟုတ်ပါဘူး ပြောနေတာတောင် ခုထိ ၀မ်းနေတုန်းပါလား။ ဒီလောက်တောင်ရှိလှတာ

“ Yes, I am one”

“ Ann”

မှတ်ကရော။ သည်လိုနှင့် ပြောတော့ လင့်တစ်ခုပေးသည်။ ထိုဆိုဒ်ထဲတွင် သူမပုံရှိသည်ဟု ပြောလေရာ မောင်ပွတစ်ယောက် ဖြဲရဲ ရှာလေတော့သည်။ မလုပ်တတ် မကိုင်တတ်၍လား မသိ ဘာမှ မတွေ့။ သို့နှင့် အကူကောင်လေး ကိုခေါ်ကာ လုပ်ခိုင်းရသည်။ ဟော စပေါ်လာပါပြီ။ ခေါင်းကနေ တဖြည်းဖြည်းပုံက ကျလာတာ။ အမယ် ဆံပင်လေးကတော့ မဆိုးဘူးပဲ။ အောက်ကိုဆက်ကျလာ နဖူးက နဲနဲ တွန့်နေသလားလို့။ အို ကိစ္စ မရှိပါဘူး။ မျက်လုံးလေးလဲ နဲနဲ မှေးသလားလို့။ အို ဒါလဲ ကိစ္စ မရှိပါဘူး။ နှာခေါင်းလေးက နဲနဲ တိုနေတယ်ထင်တယ်။ အို ဒါလဲ ရပါတယ်။ ပါးပေါ်မှာ ၀က်ခြံ တစ်လုံးလေးကလဲ ညှစ်ပစ်ချင်စရာ။ ပါးလေးကလဲ နဲနဲတွန့်နေသလားလို့။ဟော ပါးစပ်ပေါ်လာပြီ။

“ အမယ်လေးးးးးးးးးးးးးးး”

ပုံထဲမှ အမျိုးသမီးကား အနဲဆုံး အသက်လေးဆယ့်ငါး လောက်တော့ရှိမည်ထင်သည်။ ဘုရား ဘုရား ဒါကြီးက ၁၈ နှစ်။ နေအုံး ဒါသူ့အမေပုံများလား။ ဖြစ်နိုင်တယ်။ ကြည့်စမ်း မိဘ ကို ဘယ်လောက်ရိုသေတဲ့ သမီးလဲဆိုတာ အမေပုံတင်ထားတယ်။ ဒါနဲ့ ကီးဘုတ်ပြန်ကိုင်

“ ညီမလေး သာဓုပါညော်”

“ ငင် ဘာလို့လဲ”

“ အော် အမေကို ဒီလောက်ချစ်တဲ့ သမီး ခုမှတွေ့ဖူးလို့ပါ”

“ ငင် ဘယ်က အမေတုန်း”

“ ညီမလေး အမေက နှာခေါင်းလေး နဲနဲ တို အရည်တွန့်နေတာကလွဲပြီး မိခင်ကောင်းပုံစံပါကွယ်”

“ အဟင့် ဘာတွေပြောနေတာတုန်း”

“ ညီမလေး တင်ထားတာ ညီမလေး အမေပုံ မဟုတ်လား”

“ ဘာ အဲ့ဒါ ကျမ ပုံရှင့်”

“ ငင် ဟုတ်လား ဆောရီးညော် အန်တီ တားမသိလို့ပါ”

“ ဘာာာာာာာာာာ ရှင်ဘာပြောလိုက်တယ် အန်တီ ဟုတ်လား”

“ ငင် အန်တီ ခေါ်တာ မကြိုက်ဘူးလား ကန်တော့နော် အဒေါ်”

“ ဘာာာာာာာာာာ”

“ ငင် ဒါလဲ မကြိုက်ပြန်ဘူးလား တောင်းပန်ပါတယ် အရီးရယ်”

“ တောက်”

ငင် ဘာကိစ္စ ငါ့စိတ်ဆိုးသွားပါလိမ့်။ ကိုယ့်ထက် အသက်ကြီးလို့ ဒီလို နာမ်စားသုံးတာလေးကို။ ထိုစဉ် နောက်ထပ် မီးတစ်ပွင့် ထပ်လင်းလာပြန်သည်။

“ Hi”

“ Hi Hi”

“ asl pls”

“ 21 M Ygn”

အမယ် ဒီတစ်ခေါက်တော့ မကြောင်တော့ နိပ်ဟ အတွေ့အကြုံဆိုတာ ဒါပဲနေမယ်။ စကားပြောတာ ကြာလာတော့ ထုံးစံ အတိုင်းပုံက မြင်ချင်လာပြန်သည်။ အမယ် ဒီကောင်မလေးက မဆိုး။ သူလဲ ချက်ချင်း လင့်တစ်ခု ပေးသည်။ အမယ် သူကတစ်မျိုးဟ အဲ့ဒါ သူ့အကောင့်ဟု ဆိုကာ User name နဲ့ Password ပေးသည်။ ဖွင့်ကြည့်လိုက် ဆိုပါလား။ အတော် သဘောကောင်းသည့် မိန်းကလေး။ ဒါနဲ့ ၀င်ကြည့်လိုက်သည်။ ထုံးစံ အတိုင်း ခေါင်းကနေ ပုံက စကျလာပြန်သည်။ အင်း ဘာပဲ ဖြစ်ဖြစ် အသိ သတိ လေးတော့ရှိမှ။ တစ်ခေါက် ဖြစ်ဖူးထားတယ်ဆိုတော့ကာ။ တဖြည်းဖြည်းချင်း ကျကျကျကျ။ အမယ် သူက တစ်ကိုယ်လုံးပုံ ထင်တယ်။ မျက်နှာလေး အရင်စကျ။ မဆိုးပါဘူး ကြည့်ပျော်ရှုပျော်လေးတော့ရှိသား။ ပြီးတော့လည်ပင်း။ အင်း အထစ်တွေနဲ့ပါလား။ ပခုံး အင်း အတော် ကျယ်တာပဲ။ ပြီးတော့ ပြီးတော့

“ အားးးးးးးဝတုတ်ကြီး ၀တုတ်ကြီး”

ဘုရား ဘုရား အနဲဆုံး ပေါင် ၂၀၀ ခန့်တော့ စီးမည်။ လက်ထဲမှာက ပန်းတစ်ပွင့်ကိုင်ကာ ဘေးစောင်းရပ်နေသောပုံ။ မျက်နှာသာ စခရင်လွတ်တာ အောက်ပိုင်းက ကွန်ပျူတာ စခရင် နဲ့ကွက်တိ ဘေးနားမှာ ဘာပစ္စည်းရှိလဲဆိုတာ တောင်မတွေ့ရ။ အမငီးးးးးးးး။

“ တွေ့ပြီးပြီလား”

“ အင်း”

အသံက ခုနကလောက် မတက်ကြွတော့။

“ ဘယ်လိုနေလဲ”

“ အင်း”

“ ဘာအင်းတာလဲ လှလားငင်”

“ အင်း “

မေးရက်ထှာကွယ်။

“ ဒါတောင် ပိန်သွားတာ”

“ အင်း”

“ အစ်ကို့ ပုံပြလေ”

“ အင်း”

“ ငင် အင်းပဲ အင်းနေတော့တာပဲ အစ်ကိုက အခု ဘယ်ဆိုင်မှာလဲ”

“ အင်း လှည်းတန်းက Net paradise မှာ”

“ ငင် ဂယ်လား ညီမလဲ အဲ့ဆိုင်မှာပဲ”

“ ငွင်”

ခုနက စိတ်နဲ့ ကိုယ်နဲ့ မကပ်တာ အခုကျမှ ဆံပင်တွေ ဘာတွေထောင်ကုန်သည် အထိ လန့်ဖျတ်သွားတော့သည်။ ဘုရား ဘုရား ဘယ်နားမှာပါလိမ့်။ ဟာတွေ့ဘီ။ အလို ထိုင်ခုံတောင် မဆန့်လို့ ဘေးဘက်ကို အသားပိုတွေက တွဲတောင် ကျနေပါရော့လား။ လက်ထဲမှာလည်း မုန့်ထုပ်နဲ့။ ၀ှစ်ကနဲ ဒီဘက်ပြန်လှည့်။ လူကတော့ အတော် ချွေးပြန်နေဘီ။

“ ဟယ် ၀မ်းသာလိုက်ထှာ အစ်ကိုက ဘာအကျီင်္ ၀တ်ထားလဲငင်”

“ ငင် ဘာလုပ်မို့လဲ”

“ တွေ့ချင်လို့ပေါ့ ဟွန့်”

“ ဘုရား”

ကြံစမ်း ကြံစမ်း ဒီဟာကြီး လက်ကလွှတ်အောင် ကြံစမ်း မောင်ပွ။ ဟဲဟဲ ဟုတ်ပြီ။ ခွင့်လွှတ်ပါတော့ သူငယ်ချင်း။ မောင်ပွ မျက်လုံးထဲ မြင်လာသော တဖြောက်ဖြောက် ရိုက်နေသော အနှီ သူငယ်ချင်းကြီး။

“ ပြောလေ ဘာအရောင်ဝတ်ထားလဲလို့”

“ အနီရောင်”

ထိုစဉ် ထိုကောင်မလေးမှ အနောက်သို့ ၀ှစ်ကနဲ လှည့်ကာ ကျီးကန်တောင်မှောက်ရှာလေရာ အနီရောင် ၀တ်ထားတာ သုံးယောက်ခန့်တွေ့လေလျှင်

“ အနီတွေက အများကြီးပဲ အစ်ကိုက ဘယ်တစ်ယောက်လဲငင်”

“ အသားဖြူ အရပ်ရှည် ပိန်ပိန် ပါးပါး လေးက အစ်ကိုပါညော်”

“ ၀ှစ်”

သူတွေ့သွားလေဘီ။ တွေ့တွေ့ချင်း မုန့်တစ်ခုကို ပါးစပ်ထဲ ပလုတ်ပလောင်းသွင်းကာ မိန့်မိန့်ကြီး ပြုံးလိုက်လေရာ ဒီဘက်မှ ကြည့်နေသော မောင်ပွ တောင် ကြက်သီး များ တဖြန်းဖြန်း ထမိလေတော့သည်။ အနှီ သူငယ်ချင်းကား သူ့အပေါ်ကျရောက်လာမည့် အန္တရာယ်ဆိုးကြီးအား မသိရှာသေး။ တဖြောင်းဖြောင်း နှင့် ကီးဘုတ်အား ရိုက်ကာ မျက်နှာ အဆီ တ၀င်းတ၀င်းနှင့် ဖြစ်နေလေတော့သည်။ မောင်ပွလည်း အခြေအနေ မဟန်မှန်း သိသည်နှင့် စက်ကိုပိတ်ကာ ကောင်တာကို အမြန်သွား

“ ညီလေး ဟိုစက် ဘယ်လောက်လဲ”

“ ဟာ အကို ပြန်တော့မလို့လား ကျနော်တို့ဆီမှာ ပရိုမိုးရှင်း အနေနဲ့ မန်ဘာ ကတ်”

“ အာ ရတယ် ရတယ် တော်ဘီ တော်ဘီ အင့် ၂ထောင် ပိုတာ ပြန် မအမ်းနဲ့တော့ တာ့တာ”

ဟူးးးးးးးးးးးးအောက်ရောက်မှပဲ သက်ပြင်းချနိုင်တော့သည်။ အောက်ကနေပဲ သူငယ်ချင်းကို စောင့်တော့မည်။ ခဏ ကြာတော့ အပေါ်လှေကားမှ ၀ုန်းဝုန်း ဒိုင်းဒိုင်း အသံကြားရပြီးလျှင် တဒုန်းဒုန်း မြည်အောင် အူးယားဖားယား ပြေးဆင်းလာသော သူငယ်ချင်းကြီး

“ အမလေးးးးးး ဆူမိုကြီး ဆူမိုကြီး ကယ်ကြပါ”

“ သူငယ်ချင်း ငါဒီမှာဟေ့”

“ ငင် ခွေးမသား ဘရက်ပစ် မင်းသေပေတော့”

“ ငင် ပြေးဘီဟေ့ တာ့တာ”

Chatting ပထမဆုံး အတွေ့အကြုံကတော့ ခါးပါတယ်ဗျာ။

0 comments:

Post a Comment