Wednesday, August 28, 2013

ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် အမြန်ဘတ်စ်ကား လိုင်းစနစ်တွင် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ ၀င်ရောက်ပြေးဆွဲရန် တင်ပြလာပြီး လမ်းများ၊ မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေး

T-28-8

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း အချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း (BRT) စနစ်ကို ပြေးဆွဲရန် စီစဉ်နေရာ ယင်း စနစ်တွင် ၀င်ရောက်ပြေးဆွဲရန်အတွက် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ တင်ပြလာပြီး အဆိုပါ စနစ်အတွက် လမ်းနှင့်မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေးကြောင်း ရန်ကုန် တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။
မူလက အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ယခုနှစ်တွင် စတင်ရန်မှန်း ထားခဲ့သော်လည်း ရန်ကုန်မြို့၏ လက်ရှိလမ်းအနေအထား၊ မီးပွိုင့်အနေအထားများအရ အမြန်ဘတ်စ်ကား လိုင်းစနစ် ပြေးဆွဲရန် ပြင်ဆင်မှုများ လိုအပ်နေခြင်းကြောင့် မစတင်နိုင်သေးသည့် အနေ အထား ဖြစ်နေကြောင်း သိရသည်။
"အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပညာရှင်တွေ ပါဝင်တဲ့ နည်းပညာ အထောက် အကူပြုကို ဖွဲ့စည်းပြီးပါပြီ။ အဲဒီအဖွဲ့ကနေ ဘယ်လမ်းကြောင်းမှာ ဘယ်လိုစမယ် ဆိုတာတွေ မညှိနှိုင်းရသေးပါဘူး။ ပြီးတော့ ဆွဲမယ်ဆိုရင် လမ်းတွေ၊ မီးပွိုင့်တွေကို ပြင်ဆင်မှုတွေ လုပ်ရမှာ ဖြစ်တဲ့အတွက် ပြေးဆွဲဖို့ လိုပါဦးမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က သြဂုတ် ၁၇ ရက်တွင် ပြောကြား သည်။
အဆိုပါစနစ်တွင် ၀င်ရောက်ပြေးဆွဲရန်အတွက် ပုဂ္ဂလိယာဉ်လိုင်းကြီး နှစ်ခုမှ ၀င်ရောက်ပြေးဆွဲမည်ဟု တင်ပြထားပြီး အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် လိုအပ်သည့် ဘတ်စ်ကားမှတ်တိုင်များ စသည်တို့ ကိုလည်း ၎င်းတို့ဘက်မှ လုပ်ပေးမည်ဟု တင်ပြ လာကြောင်း သိရသည်။
"မေတ္တာလှိုင်း မော်တော်ယာဉ်လိုင်းကတော့ အမြန်ဘတ်စ်ကားလိုင်း ဆွဲမယ်ဆိုရင် လိုအပ်တဲ့ ဘတ်စ်ကား မှတ်တိုင်တွေကို သူတို့လုပ်ပေးမယ်လို့ တင်ပြလာတယ်။ အခြားယာဉ်လိုင်း တစ်ခုကလည်း အဲဒီလိုမျိုး တင်ပြလာရှိတယ်" ဟု ဦးအောင်ခင်က ဆက်လက်ပြော ကြားသည်။
အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ယာဉ်လိုင်းများအား ၎င်းတို့၏ အစီအစဉ်ဖြင့် ပြည်ပမှ ယာဉ်များ တင်သွင်းခွင့် ပြုထားပြီး တင်သွင်းလာသည့် ယာဉ်များထဲမှ အဆင့်မီယာဉ်များ ကိုသာ ရွေးချယ်ပြေး ဆွဲစေမည်ဖြစ်ကြောင်း သိရသည်။
အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ခြောက်လမ်းသွား လမ်းမများသာ အဆင်ပြေပြီး အမြန်ဘတ်စ်ကား လိုင်းအတွက် သီးသန့်လမ်းကြောင်းများ ပြုလုပ်ပေးရမည်ဖြစ်ပြီး ယင်း အတွက်လည်း တိုင်ပင်နေကြောင်း၊ ရန်ကုန်မြို့တွင် ခြောက်လမ်းသွား အနေဖြင့် အနည်းငယ် သာရှိပြီး ပြည်လမ်းကို ပဏာမ ရွေးချယ် ထားကြောင်း သိရသည်။
အမြန်ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲရန်အတွက် မေတ္တာလှိုင်း မော်တော်ယာဉ်အသင်းမှ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပြုချက် တင်ထားပြီး အစိုးရမှ ခွင့်ပြုပါက ၎င်းတို့အနေဖြင့် အောင်မင်္ဂလာ အဝေးပြေး လမ်း၊ ၆ ကွေ့မှ ကန်သာယာလမ်းဆုံအထိ ပြေးဆွဲရန် စီစဉ်နေ သည်ဟု အဆိုပါယာဉ်လိုင်း တာဝန်ရှိသူ များက ပြောကြားသည်။
Eleven Media Group 

0 comments:

Post a Comment