Friday, July 12, 2013

SSA မိသားစုဝင်များအတွက် မြေကွက်ရိုက်

ငြိမ်းချမ်းရေး သဘောတူညီချက်အရ ပြည်ထောင်စု အစိုးရ၏ စီစဉ်မှုဖြင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် SSA ၏ မိသားစုဝင်များ နေထိုင်ရေး အတွက် မိုင်းတုံမြို့နယ် မုံးထမြို့နယ်ခွဲအတွင်းတွင် မြေကွက် ရိုက်ထားပေး ပြီဖြစ်ကြောင်း မိုင်းတုံမြို့နယ် အခြေစိုက် RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးလွန့်ဆန်က ပြောကြားသည်။

တစ်နှစ်ကျော်ကြာ ဆောင်ရွက်နိုင်ခြင်း မရှိသည့် SSA မိသားစုဝင် များ နေထိုင်ရေး စနစ်တကျ ရှိစေရန်အတွက် မြေနေရာကို မုံးထမြို့ပေါ်ရှိ ဧရိယာ ၁၀၀၀ ဧကကျော်ရှိသော မြေပြန့်နေရာတွင် ဇူလိုင် ၄ ရက်မှ ဇူလိုင် ၆ ရက်နေ့အထိ မြေကွက်ရိုက်ခဲ့ရာ မြေကွက် ၆၀၀ ကျော် ထွက်ရှိခဲ့ကြောင်း မုံးထမြို့နယ် မြေစာရင်း ဦးစီးမှူးထံမှ စုံစမ်း သိရှိရသည်။

ပေ ၆၀ ပတ်လည် မြေကွက် ၅၀ ဖြစ်ပြီး မုံးထမြို့အတွင်း တည်ရှိ၍ သံလွင်မြစ်သို့သွားသည့် ကျူကော် နားလျန် လမ်းကြောင်းအနီးတွင် တည်ရှိပြီး လယ်ယာမြေများ ဖော်ထုတ်ရေးအတွက်ပါ စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မိုင်းတုံမြို့နယ် မြေစာရင်း ဦးစီးမှူးက ဆက်လက် ပြောကြားသည်။

“မိသားစုဝင်တွေ လာနေဖို့ကတော့ ဗဟိုက စီမံပေးမှာ ဖြစ်ပါတယ်။ အစိုးရက အိမ်တွေ ဆောက်ပြီးမှ လာနေကြမှာပါ” ဟု မုံးထမြို့နယ် SSA ဆက်ဆံရေး တာဝန်ခံ အရာရှိ ဗိုလ်စိုင်းယုက ဆိုသည်။

SSA တောင်ပိုင်း တပ်မတော်သည် အင်အား ၁၀,၀၀၀ ကျော်ရှိပြီး မိသားစုဝင် ၃၀,၀၀၀ ကျော်မျှရှိပြီး မုံးထတွင် အင်အား ၆၀ ကျော်သာ ရှိကြောင်း ၎င်းထံမှ စုံစမ်း သိရှိရသည်။

အစိုးရနှင့် သဘောတူညီချက်တွင် မုံးထတွင် ရှမ်းပြည် တပ်မတော်မှ အခြေချ နေထိုင်ရေးဆိုသည့်အချက် ပါရှိသော်လည်း တစ်နှစ်ကျော် ကြာ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြီးခဲ့သည့် ဇွန်လ အတွင်း နေပြည်တော် ခရီးစဉ်အပြီး အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်သူများက ဆိုသည်။

မုံးထ မြို့နယ်ခွဲသည် မိုင်းတုံမြို့မှ မိုင် ၆၀ ကျော် ဝေးကွာ၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော နယ်စပ်ဒေသ ဖြစ်သော်လည်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည့်အပြင် နယ်စပ် ကျောက်တိုင်အမှတ် (၃) ရှိရာ နယ်မြေ ဖြစ်သည်။

The Voice Weekly
Photo: SSA မိသားစုဝင်များအတွက် မြေကွက်ရိုက်

ဇူလိုင်လ ၁၂ ရက် ၂၀၁၃

0 comments:

Post a Comment