Friday, July 12, 2013

ဆက်သွယ်ရေးဥပဒေကြမ်း မည်သူမဆို လွှတ်တော်၌ လာဆွေးနွေးနိုင်ဟုဆို

အမျိုးသားလွှတ်တော်က ပြင်ဆင်အတည်ပြုထားသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အကြံပြု ဆွေးနွေးလိုပါက မည်သူမဆို ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဥပဒေကြမ်းကော်မတီရေးရာဆောင်သို့ ကိုယ်တိုင်လာရောက် ဆွေးနွေး နိုင်သည်ဟု ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနက တင်သွင်းထားသည့် ယင်းဥပဒေကြမ်းကို အကြံပြု ဆွေးနွေးလိုသည့် မည်သူမဆို နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအတွင်း လွှတ်တော်ဝင်း အတွင်းရှိ အဆောင်အမှတ် (1-2) သို့ လာရောက် ဆွေးနွေးနိုင်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ၂၀၁၂ခုနှစ် နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် ဆက်သွယ်ရေးဥပဒေကြမ်းကို နိုင်ငံတကာစံညွှန်းများနှင့် မကိုက်ညီကြောင်း ပညာရှင်များက ဝေဖန်ထောက်ပြသဖြင့် သက်ဆိုင်ရာ နည်းပညာရှင်များ၊ ဝန်ကြီးဌာနနှင့် လွှတ်တော်မှ တာဝန်ရှိသူများ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့တော် MICT တွင် ဥပဒေကြမ်းအတွက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပပြီး အကြံဉာဏ်များ ရယူခဲ့သည်။

ယခု လွှတ်တော်က ဥပဒေကြမ်းကို ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်း ဥပဒေကြမ်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ချပြထားမှုမရှိသဖြင့် မည်သို့ပါဝင်နိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း၊ ဥပဒေကြမ်းမှာလည်း မူလဥပဒေကြမ်း(သို့မဟုတ်) ပြင်ဆင်ထားသည့် ဥပဒေကြမ်းဖြစ်သည် ဆိုသည်ကို ဦးစွာသိနိုင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း အိုင်တီပညာရှင် တစ်ဦးဖြစ်သူ ဦးဇော်ဇော်မျိုးလွင်က ပြောကြားသည်။

“ပါဝင်ဆွေးနွေးဖို့ လွှတ်တော်က ပေးထားတဲ့ အချိန်လေးနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ဆက်သွယ်ရေးဥပဒေသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့် ဥပဒေတစ်ရပ် ဖြစ်နေသည့်အတွက် ဥပဒေကြမ်းကော်မတီက အဆင့်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဆောင်ရွက်သင့်ကြောင်း၊ ပြင်ဆင်ချက် မူကြမ်းများကိုလည်း ချပြသင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေကြမ်းကို ဆွေးနွေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး အချောသတ် ပြင်ဆင်ရေးဆွဲပြီးသည်ကို ထပ်မံ၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်စေရန် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတဝင် ဦးသာစိန်က ပြောကြားသည်။

“အချိန်တော့ နည်းတယ်ထင်တယ်” ဟု ဦးသာစိန်က ဆိုသည်။

အိုင်တီပညာရှင်နှင့် ဆက်သွယ်ရေး
ဥပဒေဆိုင်ရာ လေ့လာသူများက ဝေဖန်ခဲ့သည့် ဆက်သွယ်ရေးဥပဒေကြမ်းကို ဇူလိုင်လ ၂ ရက်နေ့က အမျိုးသားလွှတ်တော်တွင် အတည်ပြုထားသည်။

ဆက်သွယ်ရေးဥပဒေကြမ်းကို အကြံပြု ဆွေးနွေးလိုသူများသည် ဖုန်းအမှတ် ၀၆၇-၅၉၁၃၅၈ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Weekly
Photo: ဆက်သွယ်ရေးဥပဒေကြမ်း မည်သူမဆို လွှတ်တော်၌ လာဆွေးနွေးနိုင်ဟုဆို

ဇူလိုင်လ ၁၂ ရက် ၂၀၁၃

0 comments:

Post a Comment