Friday, July 12, 2013

မင်းကျောင်း ဘုန်းတော်ကြီးသင် ပညာရေးမှ ကျောင်းသား ၄၀၀ ကျော် အကူအညီ လိုအပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ကျောင်းစု ရပ်ကွက်ရှိ မင်းကျောင်း ပရဟိတ၊ ပရိယတ္တိ စာသင်တိုက်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကျော်တွင် စားဝတ်နေရေးနှင့် ပညာသင်ကြား စရိတ်များအတွက် အကူအညီ လိုအပ်နေကြောင်း အဆိုပါကျောင်းမှ ကျောင်းထိုင်ဆရာတော် အရှင်ဉာဏိဿရက ပြောကြားသည်၊၊

အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မူလတန်းမှ အထက်တန်း ပညာသင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူ ၄၅၃ ဦးရှိပြီး တစ်နေ့လျှင် ဆန် သုံးအိတ်ဖြင့် ဘုန်းကြီးကျောင်းဝင်းအတွင်း စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ချက်ပြုတ် စားသောက်လျက်ရှိကြောင်း အဆိုပါကျောင်းတွင် စာသင်ကြားပေးသူ ကျောင်းဆရာ၊ ဆရာမများကို တစ်လလျှင် သုံးသောင်းနှုန်းဖြင့် ၁၆ ဦး ငှားရမ်းရသည့် စရိတ်များ အတွက် ငွေကြေး လိုအပ်မှု အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါ ကျောင်းတွင် ပညာ သင်ကြားပေးသည့် ဆရာမ ဒေါ်ရင်ငြိမ်းပန်း က ပြောကြားသည်။

“ကျောင်းမှာရှိတဲ့ ကလေးတွေအတွက် စားဝတ်နေရေးက ဆိုးဆိုးဝါးဝါး အခြေအနေကို ရောက်နေပါတယ်၊ ဆရာတော်မှာလည်း ရှိတဲ့ အလှူငွေ ကုန်သလောက် ဖြစ်နေပြီ” ဟု အဆိုပါ စာသင်ကျောင်းတွင် သုံးနှစ်ကျော် အခမဲ့ စာသင်ကြားပေးလျက်ရှိသူ ဦးရဲထွဋ်က ရှင်းပြသည်။

မိဘမဲ့ကလေးများအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ပြီး ဇူလိုင်လ ၁၀ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ ၃၉၈ ဦး၊ သီလရှင် ၁၄ ပါးနှင့် ကိုရင် ၄၀ ပါး တို့ကို ပညာ သင်ကြားပေးလျက်ရှိကြောင်း အဆိုပါ ကျောင်း ထံမှ သိရှိရသည်။

ဆက်သွယ် လှူဒါန်းလိုလျှင် ဖုန်းနံပါတ် ၀၉၅၃၆၀၄၃၆ကို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
The Voice Weekly
Photo: မင်းကျောင်း ဘုန်းတော်ကြီးသင် ပညာရေးမှ ကျောင်းသား ၄၀၀ ကျော် အကူအညီ လိုအပ်

ဇူလိုင်လ ၁၂ ရက် ၂၀၁၃

0 comments:

Post a Comment