Thursday, July 11, 2013

မတ်ပဲနှင့် ပဲစင်းငုံဈေးကွက် သိသိသာသာ ကျဆင်းနေသောကြောင့် ဈေးကောင်းရနေဆဲဖြစ်သော ပဲတီစိမ်းအား တောင်သူများ ပြောင်းလဲစိုက်ပျိုးလာ

အိန္ဒိယ ဈေးကွက်ကိုသာ အဓိက မှီခိုနေသော မတ်ပဲနှင့် ပဲစင်းငုံဈေးကွက် သိသိသာသာ ကျဆင်းနေသောကြောင့် တောင်သူများ အနေဖြင့် ဈေးကောင်းရနေဆဲဖြစ်သော ပဲတီစိမ်းအား ပြောင်းလဲစိုက်ပျိုးလာကြောင်း သိရသည်။

"မတ်ပဲဈေးနဲ့ ပဲစင်းငုံဈေး ကျဆင်းလာတာ ၂၀၁၁ ခုနှစ် နှစ်လယ်လောက်ကစပြီး ကျလာတာပါ။ မြန်မာနိုင်ငံက မတ်ပဲကို အိန္ဒိယက အဓိက တင်သွင်းနေပေမယ့် ပဲစင်းငုံကိုကျတော့ အိန္ဒိယအနေနဲ့ တောင်အာဖရိကကလည်း တင်သွင်းတာ ရှိတယ်။ ဒါပေမဲ့ ဒီပဲနှစ်ခုလုံးက အိန္ဒိယ ဈေးကွက်မှာ ကျဆင်းနေတယ်။ ဒါကြောင့် မတ်ပဲကို အချို့တောင်သူတွေက မစိုက်ချင်တော့ဘူး။ တချို့ကလည်း မိရိုးဖလာအတိုင်း စိုက်ကျတုန်းပါပဲ" ဟု နယ်မှပဲများအား ရန်ကုန်ဈေးကွက်သို့ တင်သွင်းနေသော ပဲလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မတ်ပဲအား လယ်မြေများနှင့် ကိုင်းမြေများတွင် စိုက်ပျိုးကြပြီး မတ်ပဲဈေး ကျဆင်းနေသည့်အတွက် ကိုင်းမြေများတွင်ပြောင်းအား ပြောင်းလဲစိုက်ပျိုးလာကြောင်း သိရသည်။

"ဒီပုံစံအတိုင်းဆိုရင် လာမယ့်ရာသီမှာလည်း မတ်ပဲစိုက်အား ကျသွားနိုင်တယ်။ မနှစ်ကဆိုရင်လည်း တော်တော်နည်းသွားတယ်။ ပဲခူးတိုင်း အရှေ့ခြမ်းမှာဆိုရင် အဓိကအားဖြင့် ပဲတီစိမ်းကို စိုက်ပျိုးလာကြတယ်။ အခုဆိုရင် ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်ဘက်တွေမှာ ဆိုရင်လည်း ရာခိုင်နှုန်း ၂၅ ကနေရာခိုင်နှုန်း ၃၀ လောက်အထိ ပဲတီစိမ်း ပြောင်းစိုက်လာကြတယ်။ အချို့ဒေသတွေမှာဆိုရင် ရာခိုင်နှုန်း ၅၀ လောက်အထိ ပဲတီစိမ်းကို ပြောင်းစိုက်လာတယ်။ ဘာကြောင့်လဲဆိုတော့ တောင်သူက အကျိုးအမြတ် မရှိရင် တစ်ရာသီ ကုန်သွားတိုင်း သူ့အတွက် ဒုက္ခဖြစ်စေတယ်။ ပဲတီစိမ်း ဈေးကွက်ကတော့ တရုတ်ကိုတင်ပို့မှု အားကောင်းနေဆဲ ဖြစ်တဲ့အတွက် ပဲတီစိမ်းကို ပြောင်းစိုက်လာကြတာပါ" ဟု ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ဆိုသည်။

မြန်မာနိုင်ငံမှ ပဲတီစိမ်းများအား အဓိကအားဖြင့် တရုတ်နိုင်ငံမှ တင်သွင်းနေပြီး တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့နိုင်ငံတွင် စိုက်ပျိုးသည့် ပဲတီစိမ်းများကို ဂျပန်၊ ကိုရီးယား ဈေးကွက်များသို့ တင်ပို့နေသောကြောင့် လည်းကောင်း၊ တရုတ်ဈေးကွက်၏ အရွယ်အစား ကြီးမားသည့် အတွက်ကြောင့် လည်းကောင်း ပဲတီစိမ်း တင်သွင်းမှုနှင့်အတူ ဈေးနှုန်းမှာလည်း ကောင်းနေဆဲဖြစ်ကြောင်း သိရသည်။

သို့သော် ပြည်တွင်းတွင်လည်း မတ်ပဲစိုက်ခင်းအချို့ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း၊ မတ်ပဲအား လယ်စိုက်တောင်သူများက မိရိုးဖလာအတိုင်း စိုက်ပျိုးနေခြင်းဖြစ်ကြောင်း အဓိကအားဖြင့် စပါးပြီး ပဲစိုက်နိုင်ရန် အကြမ်းခံသည့် အတွက်ကြောင့် မတ်ပဲအား ဆက်လက်စိုက်ပျိုး နေကြကြောင်း သိရသည်။

Eleven
Photo: မတ်ပဲနှင့် ပဲစင်းငုံဈေးကွက် သိသိသာသာ ကျဆင်းနေသောကြောင့် ဈေးကောင်းရနေဆဲဖြစ်သော ပဲတီစိမ်းအား တောင်သူများ ပြောင်းလဲစိုက်ပျိုးလာ

ဇူလိုင်လ ၁၁ ရက် ၂၀၁၃

0 comments:

Post a Comment