Wednesday, June 5, 2013

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းများ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရ အနေဖြင့် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာအစိုးရ သတိထောက်လွှာပေး



5/6/2013

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းနှင့် အသက်ဆုံးရှုံးခြင်းများ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရ အနေဖြင့် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာအစိုးရက သတိထောက်လွှာ ပေးအပ်ခဲ့သည်ဟု ဇွန် ၄ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ဖော်ပြခဲ့သည်။

ဇွန် ၄ ရက် မွန်းလွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး မစ္စတာအာမတ်ဖိုင်ဆဲ ဘင်မိုဟာမက်အား ဖိတ်ခေါ်တွေ့ဆုံပြီး မကြာမီ ရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံတွင် နေထိုင်အလုပ် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ အတိုက်ခိုက် ခံရသည့်အတွက် အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် ပတ်သက်ပြီး သတိထောက်လွှာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင်ရှိသည့် မြန်မာသံအမတ် သည်လည်း ဇွန် ၅ ရက်တွင် မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ သွားရောက်မည်ဟု သိရကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ . . . . .
အဆိုပါ သတိထောက်လွှာတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရ မှုများအတွက် ချက်ချင်းစုံစမ်း စစ်ဆေးဖော်ထုတ်ရန်၊ ပြစ်မှုကျူးလွန် သူများအား ဥပဒေနှင့်အညီ အရေးယူပေးရန်တို့ ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုများနှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းများ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရမှ လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်ပေးရန်တို့ ပါရှိကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံတွင်ရှိသည့် မြန်မာသံအမတ် သည်လည်း ဇွန် ၅ ရက်တွင် မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ သွားရောက်မည်ဟု သိရကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။

Eleven Media Group

0 comments:

Post a Comment