မြန်မာနိုင်ငံ၏ စတော့အိတ်ချိန်း ဈေးကွက် မူလသတ်မှတ်ထားသည့် ၂၀၁၅ ခုနှစ်အမီ ဖြစ်ပေါ်နိုင်ရေးမှာ လိုအပ်သည့် ပူးပေါင်းဆောင်ရွက်ရမည့် ကဏ္ဍများ အချိန်မီ ပြီးစီးရေး အခက်အခဲများ ရှိနေသေးသည်ဟု သိရသည်။
"စတော့အိတ်ချိန်းက ၂၀၁၅ ခုနှစ်တောင်မှ အနိုင်နိုင် ပေါ်ပေါက်အောင် လုပ်ရမှာပါ။ သူချည်းပဲ မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ရမယ့် Corporate Sector တွေပါ အဆင်သင့် ဖြစ်မှဆိုတော့ ၂၀၁၅ မှာ ပေါ်ပေါက်ရင်တောင် နှစ်ကုန်ပိုင်းမှ ဖြစ်နိုင်မှာပါ" ဟု Myanmar Securities Exchange Centre Co.,Ltd မှ အကြီးတန်းမန်နေဂျာ ဒေါ်သီသီလွင်က သုံးသပ်သည်။
မြန်မာနိုင်ငံတွင် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ (Securities Exchange Law) ကို လွှတ်တော်အတွင်း ဆွေးနွေးမှုများစွာ ပြုလုပ်ထားပြီး နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ယခုကျင်းပနေသည့် လွှတ်တော်တွင် အတည်ပြု ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း သိရသည်။
အဆိုပါ ဥပဒေ ပေါ်ပေါက်ပြီးမှ အများပိုင် ကုမ္ပဏီများကို Stock Exchange ဈေးကွက်သို့ ၀င်နိုင်ရန် အရည်အချင်း သတ်မှတ်ကာ လိုင်စင်ထုတ်ပေးနိုင်မည့် Securities Exchange Committee (SEC) ကို ဖွဲ့စည်းရမည်ဖြစ်သည်။
"အခုတစ်ဆင့်ပြီး တစ်ဆင့်တော့ လုပ်နေပါတယ်။ ဥပဒေကိုလည်း လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ ရှိပါတယ်။ ပြီးရင် ဥပဒေထဲမှာ ပါတဲ့အတိုင်း Regulatory Body တို့၊ Securities Exchange Committee (SEC) တို့ဖွဲ့ပြီး ကုမ္ပဏီတွေကို လိုင်စင်ပေးဖို့တို့ Institution တွေ တစ်ခုပြီးတစ်ခု ဖွဲ့စည်းတာတွေ လုပ်ဆောင်ရဦးမှာပါ" ဟု ၎င်းကဆိုသည်။
စတော့ဈေးကွက် ပေါ်ပေါက်ရန်မှာ လူ့စွမ်းအားအရင်းအမြစ်၊ အရည်အသွေး မြှင့်တင်ရေး ကိစ္စရပ်များကိုလည်း ဦးစွာလုပ်ဆောင် ရဦးမည် ဖြစ်သည်။
"အဲဒါတွေက ဥပဒေထွက်ပြီးမှ လုပ်ရမှာတွေရော၊ တစ်ပြိုင်တည်း လုပ်နေတာတွေရော ရှိပါတယ်။ သက်ဆိုင်တဲ့ စနစ်တွေလည်း အများကြီး လုပ်ရဦးမယ်။ အဲဒီစနစ်တွေကိုလည်း ချိတ်ဆက်ရဦးမယ်။ ဒီဈေးကွက်က နေ့ချင်းညချင်း ပေါ်ပေါက်တဲ့ကိစ္စ မဟုတ်ဘူး။ ငွေကြေးအရင်းအနှီး ဈေးကွက်ကြီးဆိုတော့ ဒါကိုစီမံ ခန့်ခွဲဖို့ရော၊ ထိန်းကျောင်းဖို့ရော အများကြီး လိုအပ်ပါတယ်" ဟု ဒေါ်သီသီလွင်က ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်အမီ စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ရန် ဂျပန်နိုင်ငံမှ နည်းပညာ အကူအညီများ ပေးအပ်နေသည်။
Eleven
0 comments:
Post a Comment