Thursday, July 11, 2013

"အန္တာတိကရေခဲပြင်အောက်တွင် သက်ရှိများ ပေါက်ပွားနေမည် သုတေသီများ ယုံကြည်"

အန္တာတိကတိုက် ရေခဲပြင်အောက်တွင် နစ်မြုပ်နေသည့် ရေ ကန်ကြီးအတွင်း ငါးကဲ့သို့ သက်ရှိများ ရှင်သန် ပေါက်ပွားနေမည်ဟု သုတေသီများက ယုံကြည်လျှက် ရှိကြသည်။ ဗော့စတော့ခ်ရေကန်ဟု အမည်ပေးထားသည့် ကွယ်ပျောက် ရေကန်ကြီးမှာ အန္တာတိက ရေ ခဲပြင်အောက် (၄)ကီလိုမီတာမျှ အကွာတွင် တည်ရှိနေပြီး လူအများ ရုတ်တရက် မတွေ့မြင်နိုင်ချေ။

သို့သော်လည်း ခေတ်မီ ကိရိယာများ၊ နည်းပညာများ အကူ အညီကြောင့် တောင် ဝင်ရိုးစွန်း အနီးရှိ ရေကန်ကြီးကို တွေ့ရှိလာရသည်။ ရုရှား သိပ္ပံပညာရှင်များ အခြေချသည့် ဗော့စတော့ခ် လေ့လာရေး စခန်းသည် အဆိုပါ ရေကန်ကြီးကို စတင် ခြေရာခံနိုင်ခဲ့ပြီး (၁၉၉၀)ပြည့်နှစ် တွင်မူ ဗြိတိန် ပညာရှင်များက ရေကန်၏ တည်နေရာကို အဖြေထုတ်နိုင် ခဲ့သည်။

ဗော့စတော့ခ်ကို ဖုံးအုပ်ထားသော ရေခဲထုသည် ပင်လယ် ရေ မျက်နှာပြင်အ ထက် ပေပေါင်း (၃၄၀၀)ကျော်တွင် တည်ရှိရာ ဗော့ စတော့ခ် အနေဖြင့်မူ ပင်လယ်ရေမျက်နှာပြင်အောက် ပေ(၅၀၀)မျှ နိမ့်ကျနေသည့် သဘောမျိုး ဖြစ်လာသည်။ အဆိုပါ ရေချိုကန်ကြီး အတွင်းတွင် ဘက်တီးရီးယားများနှင့် ငါးကဲ့သို့ အခြားသော သက်ရှိ
များပါ ရှင်သန်နိုင်မည့် ဇီဝ ဝန်းကျင်မျိုး ရှိနေကြောင်း ပညာရှင်များ က ဖော်ထုတ်လာနိုင်ခဲ့သည်။

ထူထဲသော ရေခဲပြင်ကို ဖောက်ထွင်းပြီး ပြုလုပ်ခဲ့သော သုတေသန ရလဒ်များက ဗော့စတော့ခ်၏ လျှို့ဝှက်သော သက်ရှိဝန်းကျင် တစ်
ခုသည် သီးခြားဆန်စွာ အထီးကျန် ရပ်တည်နေမည်ဟု မိမိတို့အား ယုံကြည်စေခဲ့ကြောင်း သိပ္ပံပညာရှင်များက PloS One ဂျာနယ် တွင် ဖော်ပြခဲ့သည်။

ဗော့စတော့ခ်သည် စတုရန်း ကီလိုမီတာ (၁၅၀၀၀)မျှ ကျယ်ဝန်းပြီး အနက် မီတာ(၈၀၀)မျှထိ ရှိသည့် ဧရာမ ရေကန်ကြီး ဖြစ်သည်။ ယင်းရေကန်သည် ကမ္ဘာ့လေထုနှင့် နှစ်ပေါင်းသန်းချီ ထိတွေ့နိုင်ခြင်း မရှိသည့်တိုင် သဘာဝအလျှောက် သက်ရှိများ ရှင်သန်နိုင်မည့် အခြေအနေ မျိုး ဖြစ်တည်နေသည်ကို ရေကန်ထဲမှ ဖောက်ယူ ရရှိထားသည့် ရေနမူနာများအရ ဖော်ထုတ်နိုင်ခဲ့သည်။

ရေကန်ထဲတွင် ဘက်တီးရီးယားများ ရှင်သန်နိုင်သလို ပိုမို ရှုပ်ထွေးသည့် တည်ဆောက်ပုံမျိုး ရှိနေသည့် ဆဲလ်ဖွဲ့စည်းမှု သက်ရှိများပါ နေ ထိုင်ကြောင်း သိရသည်။ အန္တာတိကတိုက်တွင် ယနေ့အချိန်ထိ ရှာဖွေတွေ့ရှိထားသည့် ရေခဲပြင်အောက် ရေကန်ကြီး (၃၇၅)ခု ရှိခဲ့ပြီး ဗော့စတော့ခ်သည် အကြီးဆုံးဟုလည်း သုတေသီများက ပြောကြားခဲ့သည်။

Planet Myanmar Network
Photo: "အန္တာတိကရေခဲပြင်အောက်တွင် သက်ရှိများ ပေါက်ပွားနေမည် သုတေသီများ ယုံကြည်"
Thursday, 11 July 2013

0 comments:

Post a Comment