Thursday, July 11, 2013

ယခုလလယ်ပိုင်း၌ ဧရာဝတီမြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်ရေ ရှစ်ပေမှ ၁၀ ပေခန့် မြင့်တက်နိုင်

ယခုလလယ်ပိုင်းအတွင်း ဧရာဝတီမြစ်တွင် မြစ်ရေခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်တွင် မြစ်ရေရှစ်ပေမှ ၁၀ ပေခန့် အချို့မြို့များတွင် လက်ရှိရေမှတ်များထက် မြင့်တက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လသည် မြန်မာနိုင်ငံ၏ မိုးလယ်ကာလဖြစ်ပြီး မိုးရွာသွန်းမှု အနေအထားများပေါ် မူတည်ကာ မိုးဦးကာလ ဇွန်လအတွင်းမှ စတင်၍ လက်ရှိကာလအထိ မြစ်ရေမြင့်တက်မှု ရှိလာခြင်းဖြစ်သည်။

ဇူလိုင် ၁၁ ရက်မှ ၂၀ ရက်အတွင်း အကျုံးဝင်သည့် ဇူလိုင်ဒုတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် ခုနစ်ပေမှ ကိုးပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဇူလိုင်လ ဒုတိယ ၁၀ ရက်ပတ် အတွင်းတွင်ပင် ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် သုံးပေမှ ငါးပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်သည်ဟု သိရသည်။

ချင်းတွင်းမြစ်ရေသည်လည်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ရှစ်ပေမှ ၁၀ ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလတို့ ဖြစ်သည်။

ယခုနှစ် မိုးလယ်ကာလ ပထမလဖြစ်သည့် ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ကသာ၊ မန္တလေး၊ စစ်ကိုင်းနှင့် ဟင်္သာတမြို့တို့တွင် တစ်ကြိမ်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မုံရွာ မြို့တို့တွင် တစ်ကြိမ်စီ၊ ဒုဋ္ဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့၌ တစ်ကြိမ်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့၌ တစ်ကြိမ်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၌ တစ်ကြိမ်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် တစ်ကြိမ်စီ အဆိုပါ မြို့အသီးသီး၏ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိ နိုင်သည်ဟု ဇူလိုင်လအတွက် မြစ်ရေခန့်မှန်းချက်တွင် ဖော်ပြထားသည်။

Eleven
Photo: ယခုလလယ်ပိုင်း၌ ဧရာဝတီမြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်ရေ ရှစ်ပေမှ ၁၀ ပေခန့် မြင့်တက်နိုင်

ဇူလိုင်လ ၁၁ ရက် ၂၀၁၃

0 comments:

Post a Comment