Thursday, July 11, 2013

ယခုနှစ် မိုးရာသီတွင် မြစ်ကမ်းပါးပြိုကျမှုများ ပိုမိုများပြားလာ

မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း၌ မြေပြိုကျမှုများ များပြားလာပြီး ၂၀၁၂ ခုနှစ် မေလအတွင်းတွင် မိုးရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်အတွင်းတွင် မြစ်ကမ်းပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုနှစ် အတွင်းတွင်မူ မိုးလေ၀သ ခန့်မှန်းချက်များအရ မိုးရွာသွန်းမှု နည်းပါးသော်လည်း ဇွန်နှင့်ဇူလိုင် လများအတွင်း မြစ်ကမ်းပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ် မိုးရာသီအတွင်း ဖြစ်ပွားခဲ့သည့် မြေပြိုကမ်းပြိုမှု များမှာမူ ယခင်နှစ်ထက်ပင် ပိုမိုများပြားနေကြောင်း ဘူမိဗေဒ ပညာရှင်များထံမှ သိရသည်။

ယခုနှစ်အတွင်း မြစ်ကမ်းပါးပြိုကျမှု များပြားလာခြင်းသည်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းခြင်း မြန်မာနိုင်ငံ ရှိသစ်တောများ ပြုန်တီးမှုများကြောင့် ရာသီဥတု ဖောက်ပြန်လာခြင်း၊ မြစ်ချောင်းများအတွင်း သဲ၊ ကျောက်များတူးဖော် ထုတ်ယူရန် သောင်ဖြိုမှုများ များပြားလာခြင်းကြောင့် ရေစီးကြောင်း ပြောင်းလဲလာကာ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

မြစ်ကမ်းပါးပြိုကျမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘူမိသိပံ္ပ အသင်းမှ တာဝန်ရှိသူ တစ်ဦးက "မြစ်ကမ်းပါးတွေက တစ်နေ့တခြား ပိုပိုဆိုးလာတယ်။ မြစ်ကမ်းပါးပြိုတော့ ရွာတွေပြောင်းရွှေ့ရတာ၊ စိုက်ခင်းတွေ ပျက်စီးတာတွေ ရှိလာတယ်။ မြန်မာနိုင်ငံမှာ မုန်တိုင်း၊ ငလျင်တို့အပြင် မြေပြိုမှုက ဦးစားပေး သတိပြုရမယ့် သဘာဝဘေး ဖြစ်လာတယ်" ဟု ဆိုသည်။

မတ် ၂၁ ရက်တွင် စစ်တောင်းမြစ်အတွင်း မြေပြိုကျမှု ဖြစ်ပွားခြင်း၊ မေလတွင် ရန်ကုန်မြစ်တစ်ဖက်ကမ်း မြေပြိုကျမှု ဖြစ်ပွားခြင်း၊ ဇွန်လဆန်းပိုင်းတွင် ထားဝယ်မြစ်ကမ်းတစ်လျှောက် ပြိုကျမှုဖြစ်ပွားခဲ့ပြီး ဇွန်နောက်ဆုံးပတ် ၁၆ ရက်တွင် ဧရာဝတီမြစ်ကမ်း ပြိုကျမှုကြောင့် မင်းဘူးနိဗ္ဗာန်ကျွန်း ကျေးရွာတွင် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရသည်။

ထို့ပြင် ဇွန် ၂၆ ရက်မှ ယခုအချိန်ထိ တောင်ငူမြို့နယ် အနောက်ဆင် ကျေးရွာအုပ်စု၌ စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ၎င်းမြစ်ကမ်းပါး ပြိုကျမှုမှာ ရေကာတာ ၁၅ ပေ အကွာခန့်သာ ကျန်ရှိပြီး ဆက်လက်ပြိုကျမှု ဖြစ်ပွားပါက ကမ်းပါးတမံ ပြိုကျနိုင်ကာ လယ်မြေဧက ၆၀၀၀ ကျော် ရေလွှမ်းမိုးမှု ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း သိရသည်။

ထို့ပြင် တောင်တန်းဒေသများရှိ ရေကန်များ၊ ချောင်းကြီးချောင်းငယ် များတွင်ရှိသော ရေမျက်နှာပြင်များ လျင်မြန်စွာ မြင့်တက်လာခြင်း၊ စီးဆင်းနေကျ ချောင်းများတွင် ရေများနောက်ကျိမှုများ တိုးလာခြင်း၊ စိမ့်စမ်းအသစ်များ ရုတ်တရက် ပေါ်လာခြင်းနှင့် ရှိပြီးသား စိမ့်စမ်းများ ရုတ်တရက် ခန်းခြောက်သွားခြင်း၊ မြေပြိုတောင်ပြိုချိန် နီးသောအခါ သိသာသော အားပျော့သည့် အသံများ ထွက်ပေါ်လာခြင်း အစရှိသည်တို့ ဖြစ်ပွားလေ့ရှိကြောင်းလည်း မြေပြိုမှုများ ကာကွယ်နိုင်ရန် ထုတ်ပြန်ထားသော သတိပေးချက်များအရ သိရသည်။

"မြန်မာမှာတင် မကပါဘူး ကမ္ဘာ့နိုင်ငံတွေမှာပါ ရာသီဥတု ပြောင်းလဲနေတာရဲ့ အကျိုးဆက်ကို ခံစားနေရတာပါ။ အခု ဖြစ်ပွားနေတဲ့ မြေပြိုကမ်းပြိုမှုတွေရဲ့ အဓိက အကြောင်းရင်းကတော့ သစ်တောပြုန်းတီးမှုတွေကြောင့်ပဲ" ဟု ရန်ကုန်နည်းပညာ တက္ကသိုလ် ဘူမိအင်ဂျင်နီယာဌာနမှ ဌာနမှူးဦးကျော်ထွန်းက ဆိုသည်။

Eleven
Photo: ယခုနှစ် မိုးရာသီတွင် မြစ်ကမ်းပါးပြိုကျမှုများ ပိုမိုများပြားလာ

ဇူလိုင်လ ၁၁ ရက် ၂၀၁၃

0 comments:

Post a Comment