Thursday, July 11, 2013

ယခုနှစ်ဝက်အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူဦးရေ ၆၀ အထိရှိ

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ရထားဖြင့် တိုက်မိ/ကြိတ်မိသဖြင့် သေဆုံးသည့် အရေအတွက်မှာ ၆၀ ဦးထိရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ရထားရဲ တပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ခြောက်လတာ ကာလအတွင်း ရထားဖြင့် တိုက်မိကြိတ်မိသဖြင့် သေဆုံးသူဦးရေ ၆၀ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၅ ဦးရှိပြီး ရထားသံလမ်းပေါ်တွင် ထိုင်ခြင်း/အိပ်ခြင်းကြောင့် ဖြစ်ပွားရသည့် အရေအတွက်မှာ ၂၆ ကြိမ်တွင် သေဆုံးသူ ၂၃ ဦးထိရှိပြီး ရထားသံလမ်းပေါ်တွင် ကျောပေးလမ်းလျှောက်ခြင်းကြောင့် သေဆုံးရသည့် အရေအတွက်မှာ ၁၃ ကြိမ်တွင် ၁၀ ဦးရှိကြောင်းနှင့် သံလမ်းဖြတ်ကူးခြင်းကြောင့် ရထားဖြင့် တိုက်မိ/ကြိတ်မိပြီး သေဆုံးသူဦးရေမှာ ၂၂ ကြိမ် တွင် ၁၈ ဦးရှိကြောင်းလည်း သိရသည်။

ရထားနှင့် တိုက်/ကြိတ်မိသဖြင့် လူသေဆုံးမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရထားရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးလှမိုးက "ဒီလိုဖြစ်စဉ်တွေ လျော့ကျဖို့အတွက် ပညာပေး လက်ကမ်းစာစောင်တွေ ကိုကားဂိတ်တွေနဲ့ ရထားဘူတာတွေမှာ ဖြန့်ဝေသွားဖို့ စီစဉ်နေပါတယ်" ဟု ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ပြောကြားချက်အရ သိရသည်။

အခြားသေဆုံးရသည့် ဖြစ်စဉ်များမှာ ရထားပေါ်မှ အိပ်ငိုက်ပြုတ်ကျခြင်းကြောင့် သေဆုံးသူ နှစ်ဦး၊ ရထားပေါ် ခုန်တက်/ခုန်ဆင်းခြင်းကြောင့် သေဆုံးသူ လေးဦး၊ ခေါင်မိုးပေါ်တွင် စီးနင်းလိုက်ပါလာစဉ် တံတားဘောင်ဖြင့် တိုက်မိသဖြင့် သေဆုံးသူနှစ်ဦး၊ ခေါင်မိုးပေါ် စီးပြီးခုန်ချသဖြင့် သေဆုံးသူ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

Eleven
Photo: ယခုနှစ်ဝက်အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူဦးရေ ၆၀ အထိရှိ

ဇူလိုင်လ ၁၁ ရက် ၂၀၁၃

0 comments:

Post a Comment