Sunday, July 14, 2013

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ် ပေးရမည်ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ပြောကြား

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ် ပေးရမည်ဟု ဇူလိုင် ၁၃ ရက်က ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့နှင့် တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ယင်းတွေ့ဆုံပွဲသို့ ဘာသာပေါင်းစုံညီ ညွတ်ရေးအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရှင်သန်ရေးအတွက် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ကာကွယ်ပေးရမှာ ဖြစ်ကြောင်း၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ယုံကြည်ခွင့် ရှိစေရန်အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုနှင့် နားလည်စာနာ သည်းခံမှုတွေ ထားရှိရမှာ ဖြစ်ကြောင်း" ပြောကြားခဲ့သည် ဟု ဇူလိုင် ၁၃ ရက်ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ထုတ်လွှင့်ချက်အရ သိရသည်။ ထိုသို့အပြန်အလှန် ယုံကြည်မှု လေးစားမှုများ ထားရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် သွားနိုင် မည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
"ဘာသာရေးကို နိုင်ငံရေးလက်နက် တစ်ခုအဖြစ် အသုံးချပြီး ဘာသာရေး ပဋိပက္ခတွေ ပိုမိုကြီး ထွားအောင် မတည်မငြိမ်ဖြစ်အောင် ကိုယ်ကျိုးစီးပွားရေးနဲ့ဖက်ပြီး အမြတ်ထုတ် လုပ်ဆောင်နေသူတွေ ကို ပြည်သူအားလုံးက ၀ိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ တရားဥပဒေအရ ထိရောက်စွာ အရေးယူသွားဖို့ လိုအပ်နေပြီ ဖြစ်သည်" ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။                
ဘာသာရေးကို နိုင်ငံရေးလက်နက် တစ်ခုအဖြစ် အသုံးချပြီး ဘာသာရေး ပဋိပက္ခတွေ ပိုမိုကြီးထွားအောင် မတည်မငြိမ်ဖြစ်အောင် ကိုယ်ကျိုးစီးပွားရေးနဲ့ဖက်ပြီး အမြတ်ထုတ် လုပ်ဆောင်နေသူတွေကို ပြည်သူအားလုံးက ၀ိုင်းဝန်းဆန့်ကျင်ကြဖို့ . . . . .
ပဋိပက္ခများ ဖြစ်ပွားခဲ့ရခြင်း၏ အဓိက အကြောင်းရင်းများထဲတွင် ပညာရေး နိမ့်ပါးမှု၊ စီးပွားရေး အဆင်မပြေမှုများလည်းပါဝင်ပြီး အဆိုပါ ပြဿနာများအား ဖြေရှင်းနိုင်ရန် လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်ကြောင်းနှင့် ပဋိပက္ခ ဖြစ်စဉ်များတွင် အကြမ်းဖက် ခံခဲ့ရသည့် ဒုက္ခသည်များကို လူမျိုးဘာသာမခွဲခြားဘဲ အကူအညီများ ပေးသွားရန် လိုအပ် သည့်အပြင် နှစ်ဖက်အကြား နာကြည်းနေသည့် စိတ်ဒဏ်ရာများကို ပြန်လည် ကုစားပေး မှုများ ပြုလုပ် သွားရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
မတူညီသည့် ကိုးကွယ်ယုံကြည်မှုများကို အချင်းချင်းနားလည် စာနာကြရန်နှင့် ဘာသာရေး အစွန်းရောက် မှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူများကို တိုက်တွန်းပြော ကြားသည်။
သီတဂူဆရာတော် အပါအ၀င် အဓိက ဘာသာကြီးများမှ ဘာသာရေး ခေါင်းဆောင်များက "မည်သည့် ဘာသာကမှ အမုန်းတရားများကို သင်ကြားထားခြင်း မရှိသည့်အတွက် မုန်းတီးရေး စကားပြောဆိုခြင်း၊ ဘာသာရေးကို အခြေတည်ပြီး လူတစ်ဦးတစ်ယောက်ကို ဦးတည်တိုက်ခိုက်ခြင်း၊ နာကျင်စေခြင်းနှင့် ပျက်စီးစေခြင်း သို့မဟုတ် ဘာသာရေး အုပ်စုများကို ဦးတည်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်" ဇူလိုင် ၁၀ ရက်က ကြေညာချက်ထုတ်ပြန်ပြီး ပြည်သူများအား တိုက်တွန်းထားသည်။

From....EMG

0 comments:

Post a Comment