Sunday, July 14, 2013

အပေါင်ဆိုင်များတွင် အတိုးများစွာဖြင့် တရားမ၀င် ငွေချေးမှုကြောင့် အတိုးပေါ် အတိုးဆင့်ကာ ထွက်ပြေးသူများသာမက ပစ္စည်းဆုံးရှုံးမှုများ များပြားလာ

apaung-july14
မြောက်ဥက္ကလာပမြို့နယ်ရှိ အပေါင်ဆိုင်တစ်ခုတွင် ရွှေလာရောက် ပေါင်နှံနေသည်ကို တွေ့ရစဉ်
အပေါင်ဆိုင်နှင့် ရွှေဆိုင်များတွင် ရွှေပေါင်နှံပြီး ပြင်ပတွင် အတိုးနှုန်းများစွာ ယူ၍ ပြန်လည်ငွေချေးသည့်
လုပ်ငန်း လုပ်ကိုင်မှုကြောင့် ငွေချေးယူသူများ အနေဖြင့် အတိုးပေါ် အတိုးဆင့်ကာ ထွက်ပြေး တိမ်းရှောင်သူများ ယခင်ထက် ပိုမိုများပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမိန့်ရ အပေါင်ဆိုင်များနှင့် ငွေတိုးပေးသူများ အသိုင်းအ၀ိုင်းမှ သိရသည်။
ပြင်ပတွင် တရားမ၀င် ချေးထားသည့် ငွေရှင်များ၏ ချေးငွေမှရရှိသည့် အတိုးနှုန်းသည် မြန်မာနိုင်ငံ၏ လက်ရှိအပ်ငွေအပေါ်ပေးသည့် ဘဏ်တိုးနှုန်းထက် များစွာရရှိသဖြင့် ငွေရှင်များအတွက် စီးပွားရေးအရ အမြတ်အစွန်း ပိုမိုရရှိသည်ဟု ငွေတိုးပေးသူများက ဆိုသည်။
အပေါင်ဆိုင်များနှင့် ရွှေဆိုင်များတွင် ရွှေပေါင်လျှင် သုံးကျပ်တိုးနှုန်းနှင့် သတ်မှတ်ကာလ သုံးလဖြစ်ပြီး အပေါင်ဆိုင်များတွင် အ၀တ်အထည်နှင့် အခြားအိမ်သုံးပစ္စည်းများ ပေါင်ပါက အတိုးနှုန်း ၁၀ ကျပ်ဖြစ်ကြောင်း သိရသည်။ ပြင်ပငွေချေးသူများထံတွင် အတိုးနှုန်းကျပ် ၃၀ မှ ၉၀၊ ကျပ် ၁၀၀ ၀န်းကျင်အထိ ရှိနေသည့်အတွက် တရားမ၀င် ငွေချေးစားသူများထံမှ ငွေချေးယူသူများမှာ အတိုးပေးချေနိုင်မှု မရှိသောကြောင့် ထွက်ပြေးမှုများရှိကြောင်း တရားမ၀င် ငွေတိုးချေးစား သူများ ဈေးကွက် မှ သိရသည်။
"ကျွန်မက ပိုက်ဆံရှိရင် ရွှေလုပ်ထားတယ်။ ဘဏ်မှာမအပ်ဘူး။ အရေးပေါ် ငွေလိုရင်ပဲဖြစ်ဖြစ်၊ သူများ တကာ လာချေးရင်ပဲဖြစ်ဖြစ် ရှိတဲ့ရွှေကို သွားပေါင်ပြီး ပြန်ချေးတယ်။ ရွှေကသုံးကျပ်တိုးဆိုတော့ အပြင် မှာ ၂၀ လောက်နဲ့ ပြန်ချေးတယ်။ အစက အခုလို အတိုးများများယူပြီး ချေးတာအဆင်ပြေပေမယ့် အခုက ထွက်ပြေးတဲ့သူ များလာတယ်။ အတိုးရော အရင်းပါ ပြန်မရတာ ရှိတယ်" ဟု ရွှေပြည်သာမြို့နယ်မှ ကားလုပ်ငန်းရှင် ဒေါ်စိန်စိန်က ဆိုသည်။
ယခုကဲ့သို့ အတိုးနှုန်းများများဖြင့် အပေါင်ခံပြီး အိမ်ပေါင်ခံ ငွေချေးယူမှုကြောင့် အတိုးပေါ် အတိုးဆင့်ပြီး အိမ်ဆုံးရှုံးမှုများလည်း ရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေရ သူများလည်း ရှိနေကြောင်း သိရသည်။
"ကျွန်မယောက်ျားက ဒီမှာအဆင်မပြေလို့ နိုင်ငံခြားမှာ အလုပ်ကြမ်း သွားလုပ်တယ်။ ကလေးတွေ ကျောင်းစရိတ်နဲ့ အရေးပေါ် ငွေလိုမှုကြောင့် ရှိတဲ့အိမ်လေးပေါင်ပြီး ဖြေရှင်းတယ်။ သူပို့တဲ့ငွေကို အတိုးဆပ်ရတယ်။ ချေးငွေအတိုးကလည်း ကျပ် ၂၀၊ ချေးတာကလည်း အရင်း များတော့ ပြန်မဆပ်နိုင်တော့ဘူး။ နောက်တော့ဆုံးရော ဆိုပါတော့" ဟု ရွှေပေါက္ကံမြို့နယ် ဆင်ဖုံကျေးရွာ မှ မအေးဆန်းဆိုသူက ဆိုသည်။
မြို့နယ်အသီးသီးရှိ အပေါင်ဆိုင်များတွင် ရွှေပေါင်နှံမှုများ ယခင်နှစ်များထက် ပိုမိုများပြားခြင်း သာမက ရပ်ကွက်များအတွင်းရှိ ရွှေဆိုင်များတွင်လည်း ရွှေအပေါင်ခံမှု များပြားလာကြောင်း သိရသည်။
"ဒီလိုရွှေဆိုင်တွေမှာ အပေါင်ခံတာက ရွှေဆိုင်လုပ်ငန်းနဲ့ မဆိုင်သလို တရားလည်း မ၀င်ပါဘူး။ ကျွန်မတို့ကတော့ ကိုယ့်ဆိုင်က ၀ယ်တဲ့သူ ၁၀ ဦးမှာ ရင်းနှီးတဲ့ လူနှစ်ဦးလောက်ပဲ အပေါင်ခံတယ်။ လူတိုင်းကို လက်မခံဘူး။ ဆိုင်မှာပြန်သွင်းထည်များရင် ကိုယ်ကကိုယ့်ရွှေကို ပြန်မ၀ယ်နိုင်ရင် နာမည် ပျက်တယ်။ ရွှေဈေးက ကျနေတာဆိုတော့ လာပေါင်တဲ့သူ နည်းပါတယ်" ဟု ဆင်ခြေဖုံးမြို့နယ် မှ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။
အမိန့်ရ အပေါင်ဆိုင်များတွင် ရွှေပေါင်နှံမှုမှာ ယခင်နှစ်များထက် ပိုမိုများပြားနေပြီး ရွှေအဆုံးခံပေါင်သည့် သူများထက် ပစ္စည်းထားခြင်း၊ ပုံမှန်အတိုးပေးခြင်း၊ ပြန်ရွေးခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။
"အခုက ရွှေရှိတဲ့လူက အဆုံးခံတဲ့လူထက် သံသရာ လည်နေတဲ့သူက များတယ်။ မရှိတဲ့လူကျတော့ လည်း ပေါင်စရာတောင် မရှိဘူး။ ဒီမှာရွှေပေါင်ရင် ပေါက်ဈေးထက် တစ်သိန်းလောက်တော့ ခွာတယ်။ တချို့က လေးလကျော်ထိ အတိုးလာမသတ်ဘူး။ တချို့လည်း ဆုံးပြီထင်ပြီး လာပြန်မရွေးတော့ဘူး။ အခု ကျွန်တော့်ဆိုင်မှာ အပေါင်ဆုံးရွှေ (ရွှေဒုံး)ရောင်းပါတယ်" ဟု မြောက် ဥက္ကလာပမြို့ နယ် မေဓာဝီလမ်းမှ အပေါင်ဆိုင်ပိုင်ရှင်က ဆိုသည်။

From....EMG

0 comments:

Post a Comment