Friday, July 12, 2013

ဘင်္ဂါလီများ နိုင်ငံသားပေးရန် ဘန်ကီမွန်းထုတ်ပြန်ချက် အစိုးရလက်မခံ

ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရသူများကိုသာ နိုင်ငံသားပေး မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“ရိုဟင်ဂျာ (ဘင်္ဂါလီ) တွေ နိုင်ငံသားဖြစ်ခွင့် အပါအဝင် လူနည်းစုရဲ့ နစ်နာချက်တွေကို တရားဝင်ဖြစ်စေဖို့ အာဏာပိုင်တွေက လိုအပ်တဲ့ လုပ်ဆောင်မှုတွေရှိဖို့ အရေးကြီးတယ်” ဟု ဘန်ကီမွန်းက ယင်းကုလသမဂ္ဂ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်ပက သုံးနှုန်းနေသည့် ရိုဟင်ဂျာ တိုင်းရင်းသား၊ မျိုးနွယ်စုဆိုသည့် အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် သုံးနှုန်းခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူးလာသူများ ဖြစ်သောကြောင့် ဘင်္ဂါလီဟုသာ သုံးစွဲကြောင်း၊ နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်က တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခဒဏ်ခံ ဘင်္ဂါလီများ၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို နှစ်ဖက် လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားမှုနှင့် လုပ်ဆောင် နေသည်ကို တွေ့ရှိရပြီး ထိထိရောက်ရောက် လုပ်ဆောင်ရန်၊ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ ပြဿနာများကို ဖြေရှင်းရန်၊ ဒေသတွင်း မတူညီသည့် လူ့အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် ဘန်ကီမွန်းက ထုတ်ပြန်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် အချိန်မရွေး ပြိုကွဲသွားနိုင်သဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပဋိပက္ခများကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုထားသည်။

လူ့အဖွဲ့အစည်းများအကြား ဘက်ပေါင်းစုံမှ စေ့စပ်ညှိနှိုင်း မှုများ ဆောင်ရွက်ပေးရန် မြန်မာပြည်သူများအကြား အကြမ်းဖက်မှု၊ လှုံ့ဆော်မူများ အဆုံးသတ်ရန်၊ တရားဥပဒေကို လေးစားလိုက်နာရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို ပြုလုပ်ပေးရန် မြန်မာနိုင်ငံ၏ အဓိကခေါင်းဆောင် သုံးဦးကို စာပို့ပြီး တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဘန်ကီမွန်းက ဆိုသည်။

၁၉၈၂ ခုနှစ် ဥပဒေသည် ယခင်ကဖြစ်ပျက်ခဲ့သည့် အခြေအနေပေါ် သင်ခန်းစာယူပြီး အကောင်းဆုံး ရေးဆွဲထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေအရ ၁၉၄၈ ခုနှစ် မတိုင်ခင် ဝင်လာသူများမှ ပေါက်ဖွား လာသည့် တတိယမျိုးဆက် Third Generation များသည် နိုင်ငံသား ဖြစ်ခွင့်ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးက သတင်းမီဒီယာများကို ပြောဆိုထားသည်။

The Voice Weekly
Photo: ဘင်္ဂါလီများ နိုင်ငံသားပေးရန် ဘန်ကီမွန်းထုတ်ပြန်ချက် အစိုးရလက်မခံ

ရန်ကုန်၊ ဇူလိုင် ၁၁

0 comments:

Post a Comment