Friday, June 14, 2013

ကိုင်းတန်းဈေးမပြောင်းရွှေ့ရေးအတွက် ပါဝင်သူ(၅)ဦးအား ထောင်ဒဏ်ချမှတ်

မန္တလေးမြို့ရှိ ကိုင်းတန်းဈေး မပြောင်းရွှေ့ရေးဆန္ဒထုတ်ဖော်မှု၌ ပါဝင်ခဲ့သူ ငါးဦးအား ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်သည်။ "ဈေးမပြောင်းရွှေ့ဖို့အတွက် ကူညီခဲ့တဲ့အတွက် သူတို့ကို ပြစ်မှုပုဒ်မတွေနဲ့ တရားစွဲခဲ့တာ။ သူတို့တွေအတွက် ကျွန်တော်တို့ အယူခံဆက်ဝင်သွားမှာပါ။ ရှေ့နေများ ကွန်ယက်ကလည်း ဒီအမှုကို ဆက်ကူညီသွားမယ် ပြောပါတယ်။"ဟု မေတ္တာကမ်ပိန်းမှ ကိုခင်မောင်ထွန်းက ပြောသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သော ညီညီကျော်၊ အေးသိန်း၊ မသဲသဲ၊ မနွယ်နွယ်ဦး၊ မနီနီ အောင်၊ ၀င်းဆွေမြင့်နှင့် စိန်အောင်တို့အား စီတန်းလှည့်လည် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ)ဖြင့် တရား စွဲဆိုခဲ့ကြောင်း သိရှိရသည်။ "ပုဒ်မ ၁၈ ကို လိုသလို အသုံးချနေတယ်။ တကယ့် လက်တွေ့မှာ စီတန်းလှည့်လည်ဖို့သွားတင်ပေးမယ့် ခွင့်ပြုချက်မရတာတွေလည်း အများကြီး ဒီလိုလုပ်နေတဲ့ ပုဒ်မတွေကို လွှတ်တော်မှာ ပြန်လည်ဆွေးနွေး သင့်တယ်"ဟု စိန်းရောင်စုံအဖွဲ့မှ ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် ညီညီကျော်၊ မသဲသဲ၊ မနွယ်နွယ်ဦး၊ မနီနီအောင်တို့အား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်(၃)လ စီချမှတ်ခဲ့ပြီး အေးသိန်း၊ ၀င်းဆွေမြင့်နှင့် စိန်အောင်တို့အား ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် တစ်နှစ်၊ သုံးလချမှတ်ခဲ့သည်ဟု မေတ္တာကမ်ပိန်းမှ သိရှိရသည်။ ကိုင်းတန်းဈေးသည်များ မပြောင်းရွှေ့ရေးဆန္ဒထုတ်ဖော်မှုကို ၂၀၁၂ ခုနှစ် ဇူလိုင်လကုန်းပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် သမ္မတမှ နိုင်ငံရေးအကျဉ်းသားများကိစ္စပြန်လည်စီစစ်သွားမည်ဟု ပြောကြားနေချိန်တွင် နိုင်ငံရေးနှင့်လူမှုရေးလှုပ်ရှားသူများ ဖမ်းဆည်းထိန်းသိမ်းမှုများရှိနေခြင်းကြောင့် ထိုအခြေအနေနှင့် ပတ်သက်၍ သုံးသပ်သင့်သည်ဟု လူမှုရေးလှုပ်ရှားသူများက ပြောဆိုနေကြသည်။

0 comments:

Post a Comment