တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ထွက်ခွာလာသည့် မြန်မာ့လေကြောင်း ပိုင် EMBRAER အမျိုးအစား လေယာဉ်သည် ကော့သောင်း လေဆိပ်သို့ လေယာဉ် ဆင်းသက်စဉ် ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဘီးပေါက် သွားခဲ့ကြောင်း ကော့သောင်း အခြေစိုက် မြန်မာ့လေကြောင်း လိုင်းထံမှ သိရသည်။
“လူဘာမှ ထိခိုက်မှုမရှိပါဘူး။ မနက်ဖြန် လေယာဉ် ပြန်ထွက်ပါ့မယ်”ဟု လေကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာ့လေကြောင်းပိုင် MA 60 အမျိုးအစား လေယာဉ်တစ်စင်းသည် ဘရိတ်ပေါက် ပြေးလမ်းချော်ပြီး သုံးရက်အကြာ ကော့သောင်း လေဆိပ်တွင် ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းလေယာဉ်သည် ဇွန်လ ၁၃ ရက်နေ့ညတွင် တစ်ညအိပ် ရပ်နားရမည် ဖြစ်ပြီး လေကြောင်း ခရီးစဉ်အချို့ ရပ်ဆိုင်းထားရသည်။
တစ်လအတွင်း မိုင်းဆတ်နှင့် ကော့သောင်းတို့တွင် နှစ်ကြိမ်ဆက်တိုက် ပြေးလမ်း ချော်ခဲ့သော MA 60 အမျိုးအစား လေယာဉ်များကို ပြေးဆွဲခွင့် ရပ်နားခဲ့သည်။
ယခုဘီးပေါက်သော လေယာဉ်ကို ဘရာဇီးနိုင်ငံ SOA JOSE မြို့ရှိ Embraer 190 လေယာဉ်ကုမ္ပဏီမှ ငှားရမ်းခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလက စတင်ပြေးဆွဲခဲ့သည်။
လေယာဉ်တွင် အမေရိကန်နိုင်ငံ အခြေစိုက် GE ကုမ္ပဏီထုတ် အင်ဂျင်များကို အသုံးပြုထားပြီး လေယာဉ် ပျံသန်းမှု သမိုင်းတွင် တစ်ကြိမ်သာ မတော်တဆမှု ရှိခဲ့ကြောင်း မြန်မာ့လေကြောင်းက သတင်းထုတ်ပြန်ထားသည်။
တစ်လအတွင်း မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ် သုံးကြိမ်မြောက် မတော်တဆမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ကလည်း Air Mandalay လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဝါယာရှော့ခ် ဖြစ်ပွားခဲ့သေးသည်။

0 comments:
Post a Comment