
မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးများနှင့် ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာလူမျိုးတွေ ပြည်တော်ပြန်ကြတာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံတွင် လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ သူတစ်ချို့နဲ့ ကျွန်တော်တို့ Myanmar Daily News မှ ဆက်သွယ် မေးမြန်းဖြစ်ခဲ့ပါတယ်။
ကွာလာလမ်ပူ ကလန်းလာမ Tepper Coffee Shop မှာ အလုပ်လုပ်ကိုင်နေတဲ့ မောင်မျိုးမင်း ကို အခု မလေးရှားအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းကြည့်ရာမှာတော့.......
ညီလေး မလေးရှားကိုရောက်တာ ၂ နှစ်လောက်ပဲရှိပါသေးတယ်။ အခု ပြဿနာတွေဖြစ်လို့ အိမ်ပြန်ကြတဲ့ မြန်မာအချို့ရှိပါတယ်။ ညီလေး အိမ်ကလည်း စိတ်ပူပြီးတော့ ဖုန်းဆက်လာတယ်။ ပြန်လာခဲ့တော့ပေါ့။ ပြန်တာကတော့ လွယ်ပါတယ် အစ်ကို..လေယာဉ်ပေါ်တက်..နာရီပိုင်းဆိုရင် မြန်မာပြည်ရောက်ပြီ..မခက်ပါဘူး..ခက်တာက ညီလေးတို့ ဘ၀တွေပါ။ မပြည့်စုံလို့ ရှိတာလေးပေါင်နှံပြီး နိုင်ငံခြားထွက် အလုပ်လာလုပ်တာ..အခုပြဿနာတွေ ဖြစ်တော့ ပြန်ရမယ်။ ဒီတော့ ညီလေးတို့ ဘ၀တွေက အရင်လိုပဲ ဆက်သွားနေမယ်။ ညီလေးကတော့ မပြန်သေးဘူးအစ်ကို။ ဘာလို့လဲဆိုတော့ ဒီပြဿနာက အချိန်တန်ရင် အေးသွားလိမ့်မယ်ထင်တာပဲ။ ဘာလို့လဲဆိုတော့ မနှစ်ကလည်း ဒီလိုဖြစ်စဉ်တွေ ဖြစ်ခဲ့သေးတယ်လေ။ ဒါပေမယ့် သတင်းက ဒီလောက်မထွက်ခဲ့ဘူး။ သံရုံးကလည်း မလိုက်ပေးတော့ ငြိမ်သွားတာပေါ့။ အခုပြဿနာက မနှစ်ကထက်စာရင် တော်သေးတယ်ပြောရမယ်။ မနှစ်က အလွန်းစတားဖက်မှာ ၄ ယောက်လား ၅ ယောက်လား။ မြန်မာကုလားတွေ ယောင်္ကျားချင်းမုဒိမ်းကျင့် သတ်သွားသေးတယ်လေ။ နောက်ပိုင်းငြိမ်သွားတာပဲ။ အခုပြဿနာက မြန်မာမီဒီယာတွေက အကျယ်တ၀င့်ဖော်ပြလာတာကြောင့် ပိုပြီး နာမည်ကြီးသွားတာပါ။ အခုလည်း ကိုတာရာယာဖက်မှာ အေးဆေးပါပဲ။ အရင်လို ပုံမှန်အတိုင်းပါ။ လူတွေက ကြောက်စိတ်တွေပိုပြီး ပြန်မယ်ပဲ လုပ်နေကြတာပါ။ ပြန်တာတော့လွယ်တာပေါ့နော်။ ညီလေးလည်း ပြန်ချင်တာပဲ။ မြန်မာပြည်ပြန်လို့ စီးပွားရေးနောက်ခံရှိရင်တော့ ကောင်းတာပေါ့ဗျာ။ လယ်မရှိ နွားမရှိ တဲ့ ကျနော်တို့ ပြန်ရင် ပြန်ပြီးသူများဆီမှာ ပဲ ကျွန်ဘ၀ လွတ်နိုင်မှာတဲ့လား။ ဒီတော့ စဉ်းစားရတယ်။ ကျနော်ပြောချင်တာက သတိလေးနဲ့ သွားလာနေထိုင်ဖို့ရယ်၊ အပျော်အပါး၊ အသောက်အစားတွေချော့ပြီး အေးအေးဆေးဆေးနေရင် ဘာမှတော့ ဖြစ်မယ်မထင်ဘူး။ ပြီးတော့ ဒီမှာက မြန်မာပေါင်း ၃သိန်းကျော်လောက်တောင်ရှိတာဆိုတော့ အကုန်လုံးပြန်ရင်တော့ တစ်မျိုးပေါ့နော်....ဟု ကျွန်တော်တို့ Myanmar Daily News အခုလို ပြောပြသွားခဲ့တာပါ။
ကွန်တင်းဖက်မှ ဂုန်နီအိတ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုလှမျိုးကတော့ ကျွန်တော်တို့ Myanmar Daily News ကို အခုလိုပြောပါတယ်...
ခုပြဿနာဖြစ်တာကြားတော့ ကြားပါတယ်။ ပြန်ဖို့ကတော့ အစီအစဉ်မရှိသေးဘူး။ ဒီမှာက ကျနော်တို့ မြန်မာလူမျိုးတွေပဲ ၄၀ လောက် အလုပ်လုပ်နေကြတာလေ။ အားလုံးလည်း သတိထားပြီးနေကြတယ်။ ပြဿနာဖြစ်တာကတော့ဗျာ သေချာမသိဘူးဗျ။ ကွာလာလမ်ပူ ဖက်က လူတွေ ဖုန်းဆက်ပြောပြမှ သိတာ။ ကွန်တင်းဖက်မှာ လူသေတာကတော့ ပုံမှန်ပါ။ အဆိုးအရွားတွေပေါ့။ ဘိန်းသမားတွေက များတာကိုး။ အခု ဖမ်းတယ်ဖမ်းတယ်ပြောကြတယ်။ ဖမ်းတယ်ဆိုတာကလည်း ပြဿနာဖြစ်တဲ့ နေတွေလောက်ပဲ ဖမ်းဆီးမှုတွေ လုပ်သွားတာ ထင်တယ်။ ခုနောက်ပိုင်းတော့ ဖမ်းတာ ဆီးတာ မကြားရတော့ဘူး။ ပြန်ဖို့ကတော့ မဖြစ်နိုင်သေးဘူးဗျ။ လုံးဝ အခြေအနေမကောင်းတော့မှပဲ စဉ်းစားမယ်။ အခုပြန်ကြတဲ့ သူတွေကလည်း တစ်ချို့ အိမ်ပြန်ချင်နေကြတဲ့ သူတွေ၊ တစ်ချို့ တကယ်ပဲ ကြောက်လို့ ပြန်ကြတဲ့ သူတွေလည်းပါတာပေါ့။ ကျွန်တော်တို့ နေတဲ့ဖက်မှာတော့ ဘာမှ မဖြစ်ပါဘူး။ အေးဆေးပါပဲ။ လို့ ပြောပြသွားခဲ့ပါတယ်။
ကပုန်း(တာမင်ပူဆက် ကပုန်း) မှာ စားသောက်ဆိုင် အလုပ်လုပ်ကိုင်နေတဲ့ ကို လှထွန်းက ခုလိုပြောပြပါတယ်။
ပထမတော့ တော်တော်လေးကြောက်သွားတယ်။ ညတွင်းချင်း ပြန်ချင်စိတ်ပေါက်သွားတယ်။ ပြဿနာက အခုအေးသွားတော့လည်း နည်းနည်း စိတ်အေးရတာပေါ့။ ပြန်ဖို့ကျတော့ မလွယ်ဘူးဗျ။ ကျွန်တော်က မလေးကိုရောက်တာ ၅ လ လောက်ပဲ ရှိသေးတာ။ အကြွေးတောင် မကျေသေးဘူး။ အခြေအနေကြည့် နေရတာပေါ့။ သူများတွေ ပြန်ရင်လည်း ပြန်တာပေါ့လေ။ အခုပြန်တယ် ပြန်ကြတယ် ဆိုတာလည်း တစ်ချိုးက အစကတည်းက အိမ်ပြန်ချင်နေကြသူတွေက အခု ဒီလိုအစီအစဉ်နဲ့ တန်းတိုးတော့ အခွင့်အရေးရသွားတာလည်း ပါတာပေါ့။ အခုလောလောဆယ်တော့ ဘာပြဿနာမှ ဖြစ်တာ မကြားရသလို ဖမ်းဆီးမှု လုပ်တာတွေကိုလည်း မကြားမိဘူး ဟု ကျွန်တော်တို့ Myanmar Daily News မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်တွေကို ဖြေကြား ပြောပြသွားခဲ့တာပါ။
Myanmar Daily News
0 comments:
Post a Comment