Saturday, June 22, 2013

ကုန်သင်္ဘော နစ်မြုပ်မှု ရေကြောင်းပို့ဆောင်ရေး တရားစွဲ

(ပြည်၊ ဇွန် ၂၁)

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့အနီး ဧရာဝတီမြစ်အတွင်း မေလ ၁၇ ရက်နေ့က နစ်မြုပ်ခဲ့သည့် စီဘီ ကုန်တင်တွဲ ရေယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်၍ အောင်ကောင်းထက် မော်တော်ပိုင်ရှင် ဦးစံညွှန့်နှင့် ရေယာဉ်အုပ်၊ စက်ခန်းအုပ်တို့ကို ပြည်မြို့ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းနိုင်က တရားလိုပြုကာ ဇွန်လ ၂၁ ရက်နေ့က ပန်းတောင်း မြို့နယ် တရားရုံးတွင် ဦးတိုက် တရားစွဲဆိုခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းရေကြောင်းသွား မီးသင်္ဘော အက်ဥပဒေ ဖြစ်သော လိုင်စင်ပါ ရေယာဉ်အုပ်၊ စက်ခန်းအုပ်ကွဲလွဲမှုအတွက် အောင်ကောင်းထက် မော်တော်ပိုင်ရှင်၊ စက်ခန်းအုပ်နှင့် ရေယာဉ်အုပ်တို့ကို ပုဒ်မ (၅၉)၊ ပေါ့ဆမှုအတွက် ရေယာဉ်အုပ်ကို ပုဒ်မ (၆၃) အရ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု တရားလိုပြု တရားစွဲဆိုသည့် ဦးစီးအရာရှိက The Voice သို့ ပြောကြားသည်။

“သင်္ဘောက မပေါ်သေးတဲ့အတွက် ဘာကြောင့် မြုပ်ရလဲ မသိသေးပါဘူး။ မြစ်ထဲမှာ နစ်မြုပ်တိုင်း၊ တံတားနဲ့ တိုက်တိုင်းလည်း ရေကြောင်း ဥပဒေအရ ကျွန်တော်တို့ တရားစွဲရတာပဲ”ဟု ၎င်းကဆိုသည်။

ပန်းတောင်းမြို့နယ် တရားရုံးက အမှုကို ရုံးတင် စစ်ဆေးပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင်ပဲ ပုဒ်မ (၅၉) နှင့်စွဲဆိုခံရသူ သုံးဦးကို ဒဏ်ငွေ ၅၀၀ ကျပ်စီ၊ ပုဒ်မ(၆၃) ဖြင့် စွဲဆိုခံရသည့် ရေယာဉ်အုပ်ကို ဒဏ်ငွေတစ်ထောင် ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။

မေလ ၁၇ ရက်နေ့တွင် အောင်ကောင်းထက် မော်တော်က တွန်းလာသော ဆန်အိတ် ၇၀၀ နှင့် ကျောက်ကျင်း ၁၂၀ တို့ကို တင်ဆောင်ထားသည့် ကုန်တွဲ ရေယာဉ်သည် ကျောက်ချ ရပ်နားစဉ် အလေးချိန်ကြောင့် ခါးမှကျိုးကာ မြစ်ထဲသို့ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ပြီး ပျက်စီး ဆုံးရှုံးမှု ကျပ် ၃၂ သိန်းဝန်းကျင် ရှိကာ လက်ရှိပိုင်ရှင်က သင်္ဘောပြန်လည် ဆယ်ယူရေး အတွက် ဆောင်ရွက်နေကြောင်း နဝဒေးတံတား လုံခြုံရေး ရဲကင်းထံမှ စုံစမ်းသိရှိရသည်။

0 comments:

Post a Comment