Tuesday, June 11, 2013

ရေငန်ကြောင့် ပုသိမ်ခရိုင်ရှိ နွေစပါးများ အထွက်နှုန်းကျဆင်းပြီး အရှုံးပေါ်ခဲ့

11 Jun, 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရှိင်ရှိ လယ်ယာမြေထဲသို့ ရေငန်ဝင်ရောက်ခြင်းကြောင့် စပါးအထွက်နှုန်းကျဆင်းကာ အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း လယ်သမားအချို့ထံက သိရှိရသည်။

“နွေစပါးစိုက် ကျွန်တော်ရဲ့ လယ်(၁၈)ဧကစလုံးရေငန်ထိတယ်၊ ရွာထဲက နွေစပါးစိုက်ကြတဲ့သူတွေထဲက သုံးပုံ တစ်ပုံလောက်လည်း ရေငန်ထိတာပဲ၊ ရေငန်ထိပြီဆိုကတည်းက အကုန်ရှုံးတာပဲ ဘယ်သူမှ ရင်းစိုက် ပြန်မရဘူး” ဟု ကန်ကြီးဒေါင့်မြို့ နယ်၊ ရေတွင်းဆိပ်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

အဆိုပါခရိုင်အတွင်းရှိ ပုသိမ်၊ ငပုတောနှင့် ကန်ကြီးဒေါင့် မြို့နယ်များတွင် မိုးအ၀င်နောက်ကျကာ ရေချိုအဆင်းနည်းပါးပြီး ရေငန်ကိုသာ ထိတွေ့ရခြင်းကြောင့် စပါးအထွက်နှုန်း သိသိသာသာကျဆင်း၍ အရှုံးနှင့် ရင်ဆိုင်လာရခြင်းဖြစ်သည်ဟု လယ်သမားများက ပြောဆိုသည်။

နွေစပါး (သီးထပ်ရင်)စိုက်ပျိုးမှုသည် ပုံမှန်အားဖြင့် တစ်ဧကလျှင် စပါးတင်း (၁၀၀) ၀န်းကျင်ထွက်ရှိခဲ့ သော်လည်း ယခု ၂၀၁၃ ခုနှစ်တွင် လယ်ယာမြေအချို့သို့ ရေငန်ဝင်ရောက်ခဲ့မှုကြောင့် တစ်ဧက လျှင် စပါးတင်း (၃၀) ၀န်းကျင်သာထွက်ရှိတော့ကြောင်း လယ်သမားများထံက သိရှိရသည်။

ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးမြေအချို့သို့ ရေငန်ဝင်ရောက်မှုသည် ၁၀ နှစ်တာ ကာလအတွင်း ပထမ ဆုံးအကြိမ်ပြန်လည် ၀င်ရောက်ခြင်းဖြစ်ပြီး ဒေသတွင်း သစ်တော၊ သစ်ပင်များ စည်းကမ်းမဲ့ မဆင် မခြင် ခုတ်လှဲခြင်း၊ သစ်တောပြုန်းတီးမှုမြင့်တက်လာခြင်း၊ ဒီရေတောများပျက်စီး၍ မြစ်ချောင်းများ၊ မြေအောက်ရေများမှ တဆင့် အထက်သို့ ပြန်လည်လှန်တက်ခြင်းကြောင့် ယခုကဲ့သို့ ရေငန်ဝင်ရောက် ခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်ပြောဆိုသည်။

"ရေငန်ကို အဓိကကာကွယ်ပေးတဲ့ သစ်တော၊ ဒီရေတောတွေ တဖြည်းဖြည်းပျက်စီးလာတော့ ရာသီဥတု ဖောက်ပြန်လာပြီး ရေချိုထိန်းသိမ်းနိုင်မှုလည်း ကျဆင်းလာတယ်။ ဒီတော့ ဒေသမှာရှိတဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ်ဆိုရင် အကုန်လုံးအဆင်ပြေနိုင်တယ်"ဟု သဘာဝပတ်ဝန်းကျင် ထန်းသိမ်းရေး ပညာရှင် ဦးစည်သူလွင်က သုံးသပ်သည်။

ပုသိမ်-ငပုတော ကားလမ်းမဘေးဝဲယာတစ်လျှောက်ရှိ နွေစပါးစိုက်ပျိုးမြေများထဲမှ ဧက (၁၂၀၀)ခန့် သည့် ရေငန်ဝင်ရောက်မှုကြောင့် စပါးအထွက်နှုန်း ထက်ဝက်ခန့်ကျဆင်းကာ လယ်သမားများ အရှုံး ပေါ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ ငပုတောမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအေးကြည်က ဆိုသည်။

0 comments:

Post a Comment