Saturday, June 15, 2013

အလုပ်အကိုင်ရှားပါး၍ ပြည်မသို့ နေ့စဉ်ထွက်ခွာနေကြသည့် ရခိုင်သားများ

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးခြင်းကြောင့် အလုပ်လက်မဲ့များ များပြားလာကာ ပြည်မဘက်သို့ ထွက်ခွာသူများ ပိုများလာကြောင်း စုံစမ်းသိရှိရသည်။


ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် ၊ မြောက်ဦး စသည့်မြို့နယ်များမှ လူလတ်ပိုင်းတို့မှာ ရန်ကုန် မန္တလေး စသည့် ဒေသများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများလာခြင်းဖြစ်သည်။

“စစ်တွေကနေ ရန်ကုန် မန္တလေးစတဲ့ ပြည်မဘက်သို့သွားတဲ့သူတွေက ပိုများလာတယ်၊ တစ်နေ့ကို ကား ၆ စီး ၇စီးတောင်ရှိတယ်၊ ရွှေပြည်သစ်ကားဆိုရင် နှစ်စီးတောင်ထွက်ရတယ်၊ အထူးသဖြင့် လူလတ်ပိုင်းတွေ များတယ်’’ ဟု စစ်တွေ-ရန်ကုန် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ကျေးလက်ဒေသများမှလူလတ်ပိုင်းအများစုမှာ အလုပ်အကိုင်အခွင့်အလမ်းများ မရရှိခြင်းကြောင့် ယခုကဲ့ သို့ ပြည်မသို့ သွားရောက်၍ အလုပ်လုပ်ကိုင်လာကြခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း စက်ရုံအလုပ်ရုံ မရှိသည့်အတွက် ပြည်မဘက်သို့ ထွက်ခွာ၍ အလုပ်လုပ်ရခြင်းဖြစ် သည်ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

“အလုပ်ဆိုတာ စက်ရုံအလုပ်ရုံ၊ ဌာနဆိုင်ရာ ဆိုရင်လဲ ဌာနဆိုင်ရာဝန်ထမ်းပေါ့၊ ဘွဲ့ရထားသူက များပေမယ့် အလုပ်က မပေးနိုင်ဘူး ၊ရလာတဲ့အလုပ်ကလည်း ၀န်ထမ်းတယောက် ရတဲ့လစာနဲ့လဲ အဆင်မပြေ ဆိုတော့ နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်ရတယ်၊ အဓိက ဘာလဲဆိုတော့ နံပါတ်တစ်အချက်က ပေးတဲ့လခနဲ့ အပြင်မှာ ပေါက်နေသော ကုန်ဈေးနုန်းနဲ့မျှတတဲ့ လစာပေးနိုင်ရမယ်၊ နောက်ပြီးတော့ ကိုယ့်ဒေသမှာ အလုပ်အကိုင် ရှာဖွေပေးနိုင်ရမယ်၊ ဒါမှ ရခိုင်မှာရှိတဲ့လူတွေက တခြားနေရာသို့ သွားမှာ မဟုတ်ဘူး” ဟု ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

နေ့စဉ်နှင့်အမျှ ပြည်မဘက်သို့ ထွက်ခွာသူများလာသည့်အတွက် ကျေးလက်ဒေသများ၌ လူလတ်ပိုင်းများ မရှိသလောက် နည်းပါးကြောင်း ကျေးလက်ဒေသများမှဒေသခံတို့၏ ပြောပြချက်အရ သိရှိရသည်။

“လူငယ်လူလတ်ပိုင်းတွေက အိမ်မှာရှိတဲ့ လယ်အလုပ်တွေ မလုပ်ချင်ကြဘူး၊ တခြား အလုပ်လဲ မရှိတော့ ရန်ကုန် မန္တလေးစတဲ့ဘက်ကို သွားကြတာများတယ်”ဟု စစ်တွေမြို့နယ် နာရီကန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။



ရန်ကုန်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်သူများတွင် လူလတ်ပိုင်း ယောင်္ကျားများအပြင် လူလတ်ပိုင်း မိန်းကလေးများလည်း ပါရှိကြောင်း သိရသည်။

“ကျွန်တော်က ဘွဲ့ရပြီးပါပြီ၊ အလုပ်က ဘာကိုလုပ်ရမှန်းမသိဘူး၊ ၀န်ထမ်းလျှောက်တော့လဲ အဆင်မပြေဘူး၊ တခြားနေရာတွေမှာ အလုပ်ရပေမယ့် လစာက ၄သောင်းနဲ့ အဆင်မပြေဘူး၊ဒါကြောင့် ပြည်မဘက်မှာ အလုပ်ဖို့ သွားတာဖြစ်တယ်’’ဟု ကျောက်တော်မြို့မှ ဘွဲ့ရလူငယ်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများရှိသော်လည်း ၄င်းတို့မှာ အနည်းစု ဖြစ်သည့်အတွက် လုပ်သားအနည်းငယ်ဖြင့်သာ လည်ပတ်နိုင်ကြောင်း သိရသည်။

0 comments:

Post a Comment