
နေပြည်တော် ဇွန် ၁၂
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တာဝန် ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ဌာနေ ကိုယ်စားလှယ် Mr.Ashok Nigamနှင့် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လက်နက်ကိုင် တိုင်းရင်းသားများနှင့် ထာဝရ ငြိမ်းချမ်းမှု ရရှိရေး၊ ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊ သန်းခေါင် စာရင်း ကောက်ယူရေးနှင့် နယ်စပ်ရေးရာ ကိစ္စရပ်များတွင် ကုလသမဂ္ဂက ကူညီ ထောက်ပံ့မှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ အတွက် ကျေး ဇူး တင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံမှ ရရှိခဲ့သည့် Normal Country Program သည် နိုင်ငံအတွက် အထူး လိုအပ်လျက် ရှိသော ကုလသမဂ္ဂ အစီအစဉ် တစ်ခု ဖြစ်ပါကြောင်း၊ ဤကဲ့သို့ ကဏ္ဍပေါင်း စုံတွင် ပူးပေါင်း ဆောင်ရွက်နိုင် ခဲ့မှုများအတွက် အဆွေတော်အား ဂုဏ်ယူ အသိအမှတ်ပြု ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် (UNDP) ဌာနေ ကိုယ်စားလှယ် Mr.Ashok Nigam က သမ္မတကြီး ဦးဆောင်သည့် အစိုးရ အဖွဲ့၏ ရဲဝံ့ပြတ် သားသော ဆောင်ရွက်ချက်များ အတွက် ဂုဏ်ယူပါကြောင်း၊ မိမိတာဝန် ထမ်းဆောင်ခဲ့သည့် တစ်နှစ်ခွဲတာ ကာလအတွင်း မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အခန်း ကဏ္ဍများစွာ၌ ပါဝင် ဆောင်ရွက်ခွင့် ရခဲ့သည့်အတွက်လည်း ဝမ်းသာဂုဏ်ယူ ပါကြောင်း၊ မြန်မာနိုင်ငံအား ကုလသမဂ္ဂက ဆက်လက် ထောက်ပံ့ ကူညီမည့် အစီ အစဉ်များ အပေါ် ထောက်ခံ ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဒေါက်တာ မြအေး၊ ဒေါက်တာ ဖေသက်ခင်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ခဲ့ကြသည်။
0 comments:
Post a Comment