Wednesday, June 12, 2013

တစ်နှစ်ထက် တစ်နှစ် စံချိန်ချိုးနေသည့် ရန်ကုန်မြို့ရှိ မုဒိမ်းမှု

11 Jun, 2013


၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှ မေလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှုဖြစ်ပေါ်မှုမှာ ယမန်နှစ် တစ်နှစ်တာ စာရင်း၏ ထက်ဝက်နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။

၂၀၁၂ ခုနှစ် တစ်နှစ်တာအတွင်း မုဒိမ်းမှု (၁၃၅) မှုဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလကုန်အထိ မုဒိမ်းမှု (၆၁) မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

"အခုဆို ကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့အမှုတွေ ဘယ်သတင်းစာကိုင်ကိုင်မြင်နေရတယ်။ အသိပညာပေး မှုတွေ၊ ထိရောက်တဲ့အရေးယူမှုတွေလုပ်သင့်တယ်။ အရေးယူမှုက ထိရောက်မှုမရှိလို့သာ ဒီလိုဖြစ်တာတွေ ပိုများလာတာဖြစ်နိုင်တယ်"ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မုဒိမ်းမှု ကျူးလွန်သူများသည် အရွယ်ရောက် အမျိုးသမီးများသာမက အရွယ်မရောက်သေးသည့် အမျိုးသမီး ငယ်များကိုပါ ကျူးလွန်ကြသည့်အပြင် ဖခင်မှ သမီး အရင်းကိုလည်းကောင်း၊ ပထွေးမှ မယားပါသမီးကိုလည်း ကောင်း၊ ဆွေမျိုးအရင်း အချင်းချင်းကိုလည်းကောင်း ကျူးလွန်မှုများရှိလာကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“မုဒိမ်းမှုအကြောင်းတွေ ခဏခဏ မီဒီယာကမေး လို့ ဖြေရပေါင်း လည်းမနည်း သလို ဖြေရှင်းရ တဲ့အမှုကလည်း မုဒိမ်းမှုတွေဘဲလေ၊ ပညာပေးမှုအားနည်းတာတွေ ၊ အရက်သေစာသောက်စားပြီး မူးနေတဲ့အပိုင်းကိုလည်း ကန့်သတ်မှုအားနည်းတယ်။ အများပြည်သူကြည့်တဲ့ တီဗီတွေကနေတောင်မှ ကြော်ငြာနေကြတာ ဆိုတော့လည်း ဘယ်လိုပညာသွားပေးကြမှာလဲ” ဟု လသာမြို့နယ်မှ ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်။

မြို့နယ် အချို့တို့တွင်လည်း ကလေးသူငယ်များအားရွေးချယ်၍ မုဒိမ်းကျင့် သည့် ဖြစ်စဉ် များ ဖြစ်ပေါ်ခဲ့ ကြောင်း ပြည်တွင်းဂျာနယ်အချို့၏ ဖော်ပြပါရှိချက်များအရ သိရှိရသည်။

၂၀၁၃ ခုနှစ်အတွင်း မေလကုန်အထိဖြစ်ပွားခဲ့သော မုဒိမ်းမှုများတွင် အရွယ်မရောက်သေးသည့် မိန်းကလေး ငယ်များကို အဓမ္မပြုကျင့်ခံရမှု (၂၉) မှုရှိပြီး အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ပြုကျင့်ခံရမှု (၇)မှု ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment