နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ညနေ (၃) နာရီ (၁၅) မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန စုပေါင်းခန်းမ၌ ပြုလုပ်သည့် အထူးစားပွဲဝိုင်းဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဖိလစ်ပိုင် သမ္မတ Benigno Simeon Aquino နှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် (၂၀၁၃) ၏ သဘာပတိ Klaus Schwab တို့တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဖိုရမ်သဘာပတိက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ၊ ဖိုရမ်ကျင်းပရခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးပြီး ဖိလစ်ပိုင်သမ္မတက မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ၎င်း၏သဘောထားနှင့် ဖိလစ်ပိုင်နိုင်ငံ၏ ပြုပြင်ဆောင်ရွက်မှုနှင့် လက်ရှိဆောင်ရွက်နေမှု တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။
မေးမြန်းဆွေးနွေးချက်များအပေါ် နိုင်ငံတော်သမ္မတက ပြည်သူလူထုလိုလားသော တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် လူသားအရင်းအမြစ် လိုအပ်ချက်၊ ဤဖိုရမ်ကျင်းပနိုင်မှုကြောင့် ကမ္ဘာ့မိသားစုအတွင်း ပိုမိုဝင်ဆံ့လာနိုင်မှုနှင့် ပြည်ပမှနည်းပညာ၊ အတွေ့အကြုံနှင့် အကြံဥာဏ်များရရှိမှုတို့နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၏ နှစ်ပေါင်း (၃၀) အတွင်း အောင်မြင်မှု များ၊ ယခု စားပွဲဝိုင်းဆွေးနွေးပွဲမှ တစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ၏ ပညာရေးနှင့် အတွေ့အကြုံ နမူနာကောင်းများရရှိမှုတို့ကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment