မကြာသေးခင် ရက်ပိုင်းအတွင်း ဂျပန်ရေတပ်သင်္ဘော ရန်ကုန်မြို့တော် သို့ လာရောက်ပြီးနောက် တရုတ်နိုင်ငံရေတပ်ပိုင် Haixun 01 အမည်ရှိ သင်္ဘောသည် လာမည့် ဇူလိုင်လ အတွင်း မြန်မာနိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Mr. Gao Mingbo က The Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံအပါအဝင် သြစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံ များသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည့် အဆိုပါသင်္ဘော သည် ရှန်ဟိုင်းဆိပ်ကမ်းမှ တစ်ဆင့် ယခုလ ၁၀ရက်နေ့တွင် စတင် ထွက်ခွာလာပြီဖြစ်ကြောင်း၊ ဇွန်လ ၂၂ရက်နေ့တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ရေတပ်သင်္ဘော၏ လေးနိုင်ငံ ခရီးစဉ်သည် ၆၂ ရက်ကြာမြင့် မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အခြားနိုင်ငံသို့ ဇူလိုင်လ အတွင်းရောက်ရှိ မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်သို့ ဆိုက်ရောက်မည့် ရက်အတိအကျနှင့် ကမ်းကပ်ရပ်နားမည့် ကာလကိုမူ မသိရှိသေးကြောင်း၊ မြန်မာအစိုးရ၊ ဆိပ်ကမ်း အာဏာပိုင်တို့နှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း Mr. Gao Mingbo က ဆိုသည်။
ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင့်မှု၊ လုပ်ငန်းချင်း ဖလှယ်မှုတို့အပြင် လက်တွေ့ သဘောဆောင်သော အတွေ့အကြုံများ မျှဝေပေးခြင်းများ လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပင်လယ်ရေပြင် တွင် မိုင်ပေါင်း ၁၄၀၀ နီးပါး ခရီးရှည် သွားရောက်မည်ဖြစ်ပြီး သြဂုတ် ၉ ရက်နေ့ တွင် ခရီးစဉ်အဆုံးသတ်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
Haixun 01 အမည်ရှိ အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရပိုင် ရေတပ်သင်္ဘော သည် ပြည်သူ့ဝန်ဆောင်မှု သင်္ဘောအဖြစ် ယခုနှစ်ဧပြီလအတွင်းမှ စတင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပင်လယ်ပြင်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပင်လယ်ပြင် ညစ်ညမ်းမှု ကာကွယ်ရန်၊ ပင်လယ်ပြင်တွင်ဖြစ်ပေါ်သော မူခင်းများ (ဓားပြတိုက်ခြင်း၊ လုယက်ခြင်း) ကိုဖြေရှင်းဆောင်ရွက်ရန် အဓိက ရည်ရွယ်ကြောင်း တရုတ်ရေကြောင်း ကာကွယ်ရေးဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ယင်းသင်္ဘောသည် တရုတ်ပင်လယ် အရှေ့ပိုင်းတွင် အဆိုပါတာဝန်များကို အဓိက ဆောင်ရွက်နေပြီး ပင်လယ်ပြင်တွင် မိုင်ပေါင်း ၁၀,၀၀၀ ကျော် ခရီးရှည်နှင်နိုင်ကြောင်း၊ ဒုက္ခတွေ့နေသူ ၂၀၀ ကျော်ကို တစ်ပြိုင်နက် တည်း ကယ်ဆယ်နိုင်မည့် ဝန်ဆောင်မှု အပြည့်အစုံ ပါဝင်ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရသည်။

0 comments:
Post a Comment