
အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော် ရေးရာကိစ္စရပ်များကိုလေ့လာရန် ခရီးစဉ်တစ်စိတ် တစ်ပိုင်းအဖြစ် ရောက်ရှိလာသော ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် နိုင်ငံတော်အစိုးရ အကြီးအကဲ သမ္မတတစ်ဦးအဖြစ် တာဝန်ယူရန်ဆန္ဒ ရှိကြောင်း၊ အမေရိကန်အသံလွှင့်ဌာန VOA နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက် သည်ဟု ဇွန်လ၁ဝရက်နေ့ VOA အင်တာနက်သတင်း၌ ဖော်ပြထားသည်။
၂ဝ၁၅ ခုနှစ် ဒုတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပသောအခါ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူ ရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေခံ ဥပဒေအရ ကန့်သတ်ခံထားရသော်လည်း အများ သဘောတူလက်ခံသည်ဆိုလျှင် ၂ဝဝ၈ခုနှစ် အခြေခံ ဥပဒေပါအချက်အလက်များကို ပြင်ဆင်ရေးအတွက် သူ့အနေနှင့် ကန့်ကွက်မည်မဟုတ်ကြောင်းကိုလည်း သူရဦးရွှေမန်းက ပြောသည်ဆို၏။ (ရွှေနိုင်ငံသစ် နေ့စဉ် ၁၁-၆-၂ဝ၁၃)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏နိုင်ငံရေး လောကတွင် အထင်ကရဖြစ်နေသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိနိုင်ငံတော် သမ္မတဖြစ်ရန် ဆန္ဒရှိကြောင်း၊ ယခုအခါ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့လေပြီ။ ဤသည်မှာ သူရဦးရွှေမန်း အနေဖြင့် နိုင်ငံတော် သမ္မတအဖြစ် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆို ခဲ့ခြင်းပင်ဖြစ်ပေသည်။
မကြာမီက နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့ သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကလည်း မိမိသည် နိုင်ငံတော်သမ္မတအဖြစ် ဦးဆောင်ကာ မြန်မာ့ဒီမိုကရေစီရေးအောင်မြင်ရန် ဆောင်ရွက်လိုကြောင်း ထပ်မံထုတ်ဖော် ပြောဆိုခဲ့သေးသည်။ လက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ဦးဆောင် လျက်ရှိသော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က လည်း မိမိအနေဖြင့် ပြည်သူလူထုက ဆန္ဒရှိခဲ့သည်ဆိုလျှင် နောက်ထပ်တစ်ကြိမ် နိုင်ငံတော်သမ္မတ သက်တမ်းထမ်းဆောင်ရန် ဆန္ဒရှိနေပါသေးသည်ဟု ထုတ်ဖော် ပြောဆိုဖူးသေးသည်။
ဤသို့ဆိုလျှင် ၂ဝ၁၅ ခုနှစ် နိုင်ငံတော် သမ္မတ ရွေးကောက်ပွဲအတွက် သမ္မတလုပ်ရန် ဆန္ဒရှိသူသုံးဦး ပေါ်ပေါက်နေခဲ့လေပြီ။ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနှင့် လက်ရှိသမ္မတ ဦးသိန်းစိန်။
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီအချိန်က မြန်မာ ပြည်တွင် နန်းတော်ရှေ့ဆရာတင်ရေးသီဖွဲ့သော သီချင်းတစ်ပုဒ် ပေါ်ခဲ့ဖူးသည်။
''မြန်မာပြည်တွင် နာရီတွေကများ အချိန် မှန်နိုင်ပါဦးမလား'' တဲ့။
ယခုလည်း ၂ဝ၁၁ ခုနှစ် မတ်လက စတင်၍ မြန်မာပြည်တွင် ဒီမိုကရေစီလမ်းစဉ်ကို အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့်အစိုးရ ကျားကုတ်ကျားခဲ တည် ဆောက်လျက်ရှိနေရာ ယနေ့အချိန်အထိ ပီပီပြင်ပြင် အောင်မြင်မှုလမ်းစများ၊ ထင်ထင်ရှားရှား မမြင်ထားရ သေး။ ဤသည်မှာ ဒီမိုကရေစီလမ်းစဉ်၏ အခက် အခဲ၊ အကျပ်အတည်းများကို ဖယ်ရှားရာတွင် ထင်ထင်မှတ်မှတ် ပြတ်ပြတ်သားသား မရှိသေး၍ ဖြစ်နေသည်။ အကယ်၍များ ၂ဝ၁၅ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သာလျှင် နိုင်ငံတော်သမ္မတဖြစ်လာခဲ့လျှင် ဒီမိုကရေစီအသွင် မပီပြင်သော လုပ်ငန်းရပ်များကို ရပ်တန်းကရပ်၊ ဖယ်တန်တာဖယ်၊ ရှင်းတန်တာရှင်း၊ ပွင့်ပွင့်လင်း လင်းကြီး ဆောင်ရွက်နိုင်မည်ဟု မျှော်ရည်သူ လူထု ရှိနေသည်။
သို့သော် ယခုအခါ သူရဦးရွှေမန်းကလည်း နိုင်ငံတော်သမ္မတဖြစ်လိုသည်ဟု ပီပီပြင်ပြင် ထုတ် ဖော်ပြောဆိုခဲ့လေပြီ။ ဤအတိုင်းသာဆိုလျှင် မြန်မာ ပြည်တွင် နိုင်ငံတော်သမ္မတဖြစ်ချင်သူ သုံးဦးစာရင်း ပေါ်ခဲ့လေပြီ။ ဂီတစာဆို နန်းတော်ရှေ့ဆရာတင်၏ စာသားစကားလုံးကို ငှားယူသုံးစွဲပြီးဆိုရလျှင်-
မြန်မာပြည်တွင် သမ္မတလုပ်ချင်သူတွေက များ ဒီမိုကရေစီလမ်းစဉ် အောင်မြင်နိုင်ပါ့မလား။
အမှန်ဆိုလျှင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ခြင်းမပြုခဲ့ပါလျှင် ယခုနောက်ဆုံး နာမည်ပေါ်ထွက်လာသော နိုင်ငံတော်သမ္မတလောင်း သူရဦးရွှေမန်း သည် ၂ဝ၁၅ ခုနှစ် သမ္မတရွေး ကောက်ပွဲတွင် မုချပင်အောင်ပွဲဝင်မည့် ရှေ့ဆုံးက လူဖြစ်နေပေသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ်ခံမည့် သူသည် တပ်မတော်တွင် ၁ဝ နှစ် အမှုထမ်းပြီးသူ ဖြစ်ရမည်ဟု ကန့်သတ်ချက်ရှိထားသည် မဟုတ် လား။ ပြောရမည်ဆိုလျှင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၂ဝဝ ကျော်တို့၏ ဖွဲ့စည်းပုံဥပဒေတွင် အထက်ပါ တပ်မတော် အမှုထမ်းကန့်သတ်ချက်မျိုး လုံးဝ(လုံးဝ)မပါရှိသည်ကိုကား သတိထားမိပေသည်။
ဤသို့ဆိုလျှင် ၂ဝ၁၅ ခုနှစ်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံပြည်သူလူထုအများစု ဆန္ဒပြင်း ပြနေသလို နိုင်ငံတော်သမ္မတဖြစ်လာရန် အခြေ အနေ လုံးဝမရှိတော့ဘူးလား။
ဤမေးခွန်း၏အဖြေမှန်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏သမိုင်းကို တိတိကျကျ ရေးသားပြမည့်သူတို့ကသာ ပေးနိုင်ပါလိမ့်မည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မြန်မာ့ ဒီမိုကရေစီအရေး၊ နိုင်ငံတကာနှင့်ရင်ပေါင်တန်း၊ ခြေလှမ်းညီညီလှမ်းချီနိုင်ရေးအတွက် ၂ဝ၁၅ ခုနှစ် နိုင်ငံတော်သမ္မတ ရွေးကောက်ပွဲက တိကျသော အဖြေတစ်ခုကို ပေးနိုင်ပါလိမ့်မည်။ ဆိုရသော် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံ့သမိုင်းသစ် လှပစွာ ရေးထိုးကျန်ရစ်ခဲ့ရန် သမိုင်းကတမ်းတမ်း တတ တောင်းဆိုနေသောသူသည် မည်သူနည်း။ မည်သူဖြစ်ပါသနည်း။
0 comments:
Post a Comment