Monday, June 17, 2013

ပြည်ပရောက် မြန်မာလုပ်သားများက ပြန်ပို့သော ငွေကြေးများ


Photo 
၁၉၈၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လူပေါင်း မည်မျှ နေထိုင်ကြောင်း၊ ဒုက္ခရှာပြီး ရေတွက်ခြင်း မပြုကြ။ ထို့ကြောင့် စစ်တပ်၏ အုပ်စိုးမှုအောက်တွင် နိုင်ငံမှ လူပေါင်းမည်မျှ ထွက်ခွာသွားသည်ကိုလည်း မည်သူမျှ မသိသည်မှာ မဆန်းပါ။ အစိမ်းရောင်ဝတ်က နိုင်ငံ၏ စီးပွားရေးကို စီမံခန့်ခွဲရာများတွင် လွဲချော်ခြင်းကြောင့် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ မရရှိနိုင်သည့် မရေမတွက်နိုင်သော နိုင်ငံသားများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ ၂၀၀၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) က မြန်မာ့လူဦးရေ၏ ၁၀% သည် နိုင်ငံပြင်ပတွင် နေထိုင်သည်ဟု တွက်ဆသည်။ ထိုအချိန်က မြန်မာ့လူဦးရေ သန်း ၅၀ မှ ၅၅ သန်းအတွင်း ရှိသည်ဟု တွက်ဆကြသည်။ အိုင်အိုအမ်၏ ခန့်မှန်းချက် သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်သော မြန်မာဦးရေ ၂ သန်းမှ ၄ သန်းအကြား မလေးရှားတွင် ငါးသိန်းခန့်၊ စင်ကာပူတွင် ၁ သိန်းခန့်၊ ဂျပန်နှင့် တောင်ကိုရီးယားတွင် ထောင်ဂဏန်းခန့်၊ အိန္ဒိယနှင့် တရုတ်တွင် နေထိုင်သူ အရေအတွက် မသိဟူသော မကြာမီက ခန့်မှန်းချက်တစ်ခုနှင့် တိုက်ဆိုင်သည်။

အကယ်၍ မြန်မာငါးသန်းခန့်က ပြည်ပတွင် အသက်မွေးဝမ်းကျောင်း ပြုနေကြသည် ဆိုလျှင် ယခင်နှစ်က မြန်မာနိုင်ငံ၏ ဗဟိုဘဏ်သို့ ပြည်ပရောက် အလုပ်သမားများက မြန်မာနိုင်ငံသို့ ပြန်ပို့ငွေ ဒေါ်လာ ၅၆၆ သန်း၊တိုင်းပြည်ဝင်ငွေ၏ ၁.၁% သာ ဝင်ရောက်လာခဲ့သည်ကို ဘယ်လို သဘောထားကြမည်နည်း။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ဒေါ်လာ ၁၄ ဘီလီယံ ဂျီဒီပီ၏ ၁၂% ရရှိအောင် တရားဝင်လမ်းကြောင်းက လွှဲပို့ပေးနိုင်အောင် ဆောင်ရွက်နိုင်သည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ပြင်ပတွင် အလုပ်လုပ်သူ အတူတူ လောက် ရှိသည်။ စိုက်ပျိုးရေး ဖွံ့ဖြိုးမှု နိုင်ငံတကာ ရန်ပုံငွေအဖွဲ့ (IFAD) နှင့် ကမ္ဘာ့ဘဏ်တို့က ပြည်ပတွင် အလုပ်လုပ်သော သာမန် အာရှတိုက်သား တစ်ယောက်သည် နှစ်တိုင်း ဒေါ်လာလေးထောင်ခန့် အိမ်ပြန်ပို့ သည်ဟု တွက်ဆသည်။ အခြားသူများထက် ချို့တဲ့သော မြန်မာတွေက တစ်ဝက်လောက် ပြန်ပို့သည်ဟု တွက်ဆနိုင်သည်။ ထိုမျှ ပြန်ပို့လျှင် ဒေါ်လာ ၁၀ ဘီလီယံခန့် ရှိသည်။ ထိုပမာဏသည် မြန်မာ့ နှစ်စဉ် သဘာဝ ဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ ရငွေကို ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးတို့၏ ပေါင်းလဒ် ထက်ပင် များသေးသည်။

ထိုမျှ စာရင်းကွာခြားချက် ကြီးမားနေသည်မှာလည်း မဆန်းလှပါ။ ပြည်ပရောက် မြန်မာလုပ်သားတွေက သူတို့၏ ဘဏ်တွေကို အယုံအကြည်မရှိ၊ အလွတ်လမ်းကြောင်းတွေက တစ်ဆင့် အိမ်ကို ပြန်ငွေပို့တတ် သည်။ ထိုသို့ပို့ သည်မှာလည်း မှန်သည်။ နှစ်ပေါင်း ငါးဆယ်ခန့်အတွင်း မြန်မာ့ဘဏ်လုပ်ငန်းသည် အစိုးရ၏ ဘဏ်လုပ်ငန်းတစ်ခု အဖြစ်ထက် မပို။ ငွေဖောင်းပွမှုနှင့် အပ်ငွေအပေါ် ပေးသော အတိုးနိမ့် ကျမှုတို့ ပေါင်းလိုက်သောအခါ ဘဏ်တွင် ငွေအပ်ထားခြင်းသည် အရှုံးနှင့် ရင်ဆိုင်ရမည့်သဘော ဖြစ် သည်။ ၂၀၀၃ ခုနှစ်တွင် ဘဏ်စနစ်တစ်ခုလုံး ယိုယွင်းပြိုကွဲခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း တရား မဝင် ငွေကြေညာသောအကြိမ် အနည်းဆုံး ၃ ကြိမ်ရှိသည်။ ၁၉၈၇ ခုနှစ်တွင် အစိုးရက ၂၅ ကျပ်၊ ၃၅ ကျပ်နှင့် ၇၅ ကျပ်တန်တွေကို ကြိုတင်သတိမပေး၊ အလျော်လည်းမပေးဘဲ ချက်ချင်း ပယ်ဖျက်ပစ်ခဲ့ရာ ဈေး ကွက်ထဲ လညပတ်နေသော ငွေစက္ကူများ၏ ၇၅% သည် တန်ဖိုးမဲ့ ဖြစ်သွားခဲ့ရသည်။ အစိုးရ၏ ရှုထောင့်မှ ကြည့်လျှင် ပြည်သူတွေက ဘဏ်ကို ယုံကြည်ရ ခက်နေခြင်းသည် အထိအခိုက် ကြီးမားသော ဧရာမပြ ဿနာကြီးတစ်ခု ဖြစ်သည်ဟု UNCTAD ၏ ညွှန်ကြားရေးမှူးက ပြောသည်။

ဆိုလိုသည်မှာ အစိုးရသည် နိုင်ငံခြားငွေ လဲလှယ်ရေး မူဝါဒကို အကောင်အထည် ဖော်ရာတွင် လိုအပ် သော သီးသန့် နိုင်ငံခြားငွေ အနည်းငယ်သာ ရှိနေသည့် အဓိပ္ပာယ်ဖြစ်သည်။ (၂၀၁၂ ခုနှစ်တွင် ဗဟိုဘဏ် က ၃၅ နှစ်ကြာ ချမှတ် ကျင့်သုံးခဲ့သော ပုံသေဖလှယ်နှုန်း စနစ်ကို ဖျက်သိမ်းကာ စီမံခန့်ခွဲမှုရှိသော နှုန်းရှင်မျှောစနစ်ကို ကျင့်သုံးပြီးနောက် မြန်မာငွေတန်ဖိုးသည် ၂၀% ကျလာခဲ့သည်) ဒုတိယအချက် အနေဖြင့် နိုင်ငံခြားငွေ လက်ကျန် နည်းနေခြင်းသည် မြန်မာနိုင်ငံကို ငွေချေးရန် အပေါင်ထားစရာ နည်းနေသည့်သဘော၊ ငွေချေးငှားသင့်သည့် အဆင့် နိမ့်နေသဖြင့် ပေးရသည့် အတိုး၊ ငွေကြေး၏စရိတ်၊ ယေဘုယျအားဖြင့် မြင့်နေသောသဘော ဖြစ်သည်။ တတိယအချက် အနေဖြင့် တရားမဝင် ဝင်ရောက် လာသော ငွေကြေးများသည် တရားမဝင် ကုန်သွယ်မှုကို ဖြစ်စေသည်ဟု ညွှန်ကြားရေးမှူးက ဆိုသည်။ ထို့ကြောင့် ပြည်ပရောက် အလုပ်သမားတွေက မိသားစုများထံ ပြန်ပို့သောငွေကို ဖျာအောက်တွင် သိမ်းမထားဘဲ အကျိုးရှိရှိ အသုံးချနိုင်ရန် လိုအပ်သည်။ နောက်ဆုံးတွင် နိုင်ငံနှင့် ဘဏ်များကို တံခါး ဖွင့်ပေးခဲ့နိုင်သော်လည်း ကျိုးပျက်နေသော ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် ခက်ခဲပါသေးသည်။ မြန်မာ ပုဂ္ဂလိကဘဏ် အတော်များများသည် ပြည်ပရောက် မြန်မာအလုပ်သမားများ အဆင်ပြေစေရန် အတွက် ထိုင်း၊ မလေးရှားနှင့် စင်ကာပူတို့ရှိ ဘဏ်များနှင့် ချိတ်ဆက်ထားကြသည်။

ဖွံ့ဖြိုးရေးအမြင်ဖြင့် ကြည့်လျှင် ငွေပြန်ပို့ရာတွင် လမ်းကြောင်းအသစ်များ သုံးနိုင်ခြင်းသည် သတင်းကောင်း ဖြစ်သည်။ တရားဝင် မှတ်ပုံတင်ရှိ ပြည်ပရောက် မြန်မာ လုပ်သားများသည် ပြည်ပတွင် စုဆောင်းမှုပြုကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာသည်။ သို့သော် ပြီးပြည့်စုံသော အဖြေတစ်ခုတော့ မဟုတ်သေးပါ။ အလွတ်လမ်းကြောင်း (ဟွန်ဒီ) မှတစ်ဆင့် ငွေလွှဲပို့ရသည်ကို ပို၍ သဘောကျသော ပြည်ပရောက် အလုပ်သမားများ၏ လုပ်ပုံကိုင်ပုံတွေ ပြောင်းလဲရန် အချိန်ပေးရ၊ အချိန် စောင့်ရပါဦးမည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မျိုးဆက်ပွား အလေ့အထကို တိုင်းတာရရှိသည့်နှုန်း ပြောင်းလဲ သော်လည်း ဖွားသေနှုန်းတွေ ချက်ချင်း မကျသည်ကို သတိရပါ။ အစိုးရက သူတို့လွှဲလိုက်သောငွေအားလုံး သိမ်းကျုံးယူငင်သွားမည့်အန္တရာယ် မရှိတော့သော်လည်းပြည်ပရောက် အလုပ်သမားတွေက အချိန်အတိုင်း အတာတစ်ခုအထိမယုံမကြည်ဖြစ်ကာ စိုးရိမ်ကြောင့်ကျ နေကြဦးမည်သာ ဖြစ်သည်။ ပြည်ပရောက် အလုပ်သမားတွေ လွှဲပို့သော ဘီလီယံနှင့် ချီသည့် ငွေကြေးတွေ၊ မြန်မာ့ တရားဝင် ဘဏ်စနစ်တွင်း ဝင်ရောက်ရေးတွင် အကြီးမားဆုံး အဟန့်အတားမှာ ပြည်ပ ငွေလွှဲလုပ်ငန်းတွေက နေရာအနှံ့ ရှိနေခြင်းဖြစ် သည်။ ထိုင်းနိုင်ငံတွင် ၂ သန်းမှ ၄ သန်းအထိ ရှိနေကြသော မြန်မာ လုပ်သားများအတွက် သမားရိုးကျ ဟွန်ဒီစနစ်သည် ဘဏ်တွေထက် စရိတ်သက်သာ၊ မြန်ဆန်ကာ စိတ်ချလုံခြုံမှု ရှိသည်။

ကြေးနန်းဖြင့် ငွေလွှဲစရာ မလိုဘဲ ဘန်ကောက်ရှိ ပွဲစားတွေက မြန်မာဘဏ်ကို ငွေထုတ်ပေးရန် ပြောလိုက် ရုံဖြင့် နေ့ချင်း ငွေထုတ်ပေးနိုင်သည်။ (ကျေးလက်နေ မြန်မာပြည်သူတို့ပင် စရိတ်အနည်းငယ် ကြီးသော် လည်း အိမ်အရောက် ပို့ပေးနိုင်သော ကယ်ရီစနစ်ကို ကျင့်သုံးနိုင်သည်။) ထိပ်တန်း ဟွန်ဒီသမား တစ်ယောက်ကို ဘန်ကောက် စီးပွားရေး အဝန်းအဝိုင်း ဗဟိုတွင် တွေ့ရနိုင်သည်။ ငွေလွှဲရုံသာမက အရောင်းအဝယ်လည်း လုပ်သည်။ သူယူသော ဝန်ဆောင်ခက နိမ့်လှသဖြင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေ၊ ငွေလွှဲကုမ္ပဏီတွေက ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အတွက် ငွေလွှဲပေးရန် ကြိုး စားကြည့်ကြပုံတော့ ရသော်လည်း နည်းလမ်းတွေ့ပုံ မပေါ်။ ထိုင်းနိုင်ငံတွင် တတိယအကြီးဆုံး ဆီယမ် ကော်မာရှယ် ဘဏ်သည် မေ လ ၃၁ ရက်နေ့အထိ ငွေလွှဲအသစ်တွေ အတွက် ငွေလွှဲခ ဘတ် ၂၀၀ ကောက်ခံခြင်း မပြုပါဟုပင် ကြေညာခဲ့ရသည်။ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးတွင် တရားဝင် မဟုတ်သော စီးပွားရေး လုပ်ငန်းများ၏ တိုင်းပြည်ဝင်ငွေတွင် ပါဝင်သော အချိုးအစားက အလွန်ကြီးမားသည်။ အာရှ တိုက်တွင်းရှိ အခြားနိုင်ငံများတွင် အကြီးမားဆုံး ဖြစ်သည်။ ထိုနှစ်နိုင်ငံအကြား တရားမဝင် ငွေလွှဲတွေကို တရားဝင် လွှဲခိုင်းနိုင်ရန်အရေး အချိန်ပေးရ၊ စောင့်ရဦးမည်။ တရားမဝင် လမ်းကြောင်းမှ ငွေလွှဲခြင်းသည် တရားမဝင် ကုန်သွယ်မှုနှင့် ခေါင်းနှင့်ပန်းလို ဖြစ်သည်။ ထိုင်းနိုင်ငံရှိ ငွေလွှဲသူက မြန်မာဘက်ကို ငွေချေခိုင်း လိုက်သောအခါ မြန်မာဘက်ကို ထိုင်းဘက်က ကြွေးတင်သွားသည်။ မြန်မာဘက်နှင့် ထိုင်းဘက် အကြား ချေစရာကို ရွှေတွေ၊ သတ္တုတွေ၊ ကီလိုမီတာ ၁၈၀၀ ကျော် ရှည်လျားသော နယ်စပ်ဖြတ်ကျော် တရားမဝင် ရောင်းဝယ်နိုင်သော ပစ္စည်းများဖြင့် မကြာခဏ ပေးချေတတ်လေ့ ရှိသည်။

(Myanmar's Remittances, in The Economist May 30/F, 2013)

0 comments:

Post a Comment