Thursday, June 6, 2013

အဲဗာတန်ကို ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဦးဆောင်ကြိုးစားမည်ဟု မန်နေဂျာသစ် မာတီနက်ဇ် ပြောကြား

အဲဗာတန် အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကြိုးစား ဦးဆောင်ပေးသွားမည်ဟု မန်နေဂျာသစ် ရောဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်သည်။

ဝီဂန်အသင်းမှ ထွက်ခွာလာသော စပိန်သား မန်နေဂျာသည် ယမန်နေ့က အဲဗာတန် မန်နေဂျာသစ် ရာထူးအတွက် အတည်ပြု လက်မှတ် ရေးထိုးခဲ့သည်။ မာတီနက်ဇ်က မိမိတို့ အသင်းသည် ချန်ပီယံလိဂ် ဝင်ခွင့်နေရာ သေချာစေမည့် အဆင့်(၄)အတွင်း ဝင်ရောက်အောင် ကြိုးပမ်းနိုင်လိမ့်မည်ဟု ဆိုသည်။ ဝီဂန်အသင်း တန်းဆင်းသွားသော်လည်း သမိုင်းတစ်လျှောက် အကြီးမားဆုံး အောင်မြင်မှုအဖြစ် FAဖလားကို ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သော မာတီနက်ဇ်က အဲဗာတန်ကို ဥရောပ၏ အင်အားစုတစ်ခု ဖြစ်လာစေလိုကြောင်း ဖွင့်ဟခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့သွားသည့် ဒေးဗစ်မိုယက်စ်နေရာ အစားဝင်လာသည့် မာတီနက်ဇ်က "အဲဗာတန် မန်နေဂျာ နေရာကို ဝင်ယူရတယ်ဆိုတာ တာဝန်ကြီးလွန်းပါတယ်။ ဒီမှာက မိုယက်စ် လုပ်ပြသွားတာတွေက မယုံနိုင်လောက်စရာပဲလေ"ဟု ဆိုသည်။ ၎င်းက "ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး(၆)သင်းမှာ အဲဗာတန် ပါခဲ့တယ်။ အဲဒီအသင်းတွေထဲမှာ အဲဗာတန်ဟာ ဘဏ္ဍာရေးအရ စီစီစစ်စစ် အဖြစ်ဆုံး အသင်းပါ။ မိုယက်စ်ရဲ့ ဦးဆောင်မှုကို လိုက်မီဖို့ဆိုတာ လူတိုင်းအတွက် ခက်မှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ စိန်ခေါ်မှုတွေအတွက် စိတ်လှုပ်ရှားနေမိပါတယ်။ သူတည်ဆောက်ခဲ့သလို ကျွန်တော်လည်း ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားသွားသည်။



မာတီနက်ဇ်သည် အဲဗာတန်တွင် (၄)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းက "ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်ဆိုတာ အဲဗာတန်လို အသင်းကို ကိုင်တွယ်ရတဲ့ မန်နေဂျာ တစ်ယောက်အတွက် တကယ့် စိတ်ခေါ်မှု တစ်ခုပါ။ ကျွန်တော်တို့မှာ ရည်မှန်းချက် အိပ်မက်တစ်ခု ရှိနေဖို့ လိုတယ်လို့ ခံစားမိတယ်။ ဆွမ်ဆီးမှာတုန်းက အသင်းရဲ့ ရည်မှန်းချက်ဟာ ပရီးမီးယားလိဂ် တက်ရောက်ရေး ဖြစ်သင့်တယ်လို့ ကျွန်တော် ပြောခဲ့တယ်။ အဲဒီတုန်းက ဆွမ်ဆီးဟာ လိဂ်ဝမ်းမှာပဲ ရှိသေးတယ်။ ကြားထဲမှာ လိဂ်တစ်ခု ကွာဟနေတော့ ဒီစကားက ဖြစ်နိုင်ခြေ မရှိသလို ထင်ချင်စရာပဲ။ ဒါပေမဲ့ လက်တွေ့ ဖြစ်ခဲ့တယ်လေ။ ဝီဂန်မှာတုန်းကလည်း ကျွန်တော်ပြောတယ်။ ဥရောပမှာ ကစားခွင့်ရဖို့ ကြိုးစားသင့်တယ် ဆိုတာကိုပါ။ နောက်ရာသီ တကယ်ကစားရတော့မယ်။ ကိုယ့်မှာ အိပ်မက်တစ်ခု ရှိဖို့ လိုပါတယ်။ အဲဗာတန် သေချာပေါက် ချန်ပီယံလိဂ် ကစားရမှာလား ဆိုတာကိုတော့ ကျွန်တော် မဖြေတတ်သေးဘူး။ ဒါပေမဲ့ အချိန် အတိုင်းအတာ တစ်ခုမှာတော့ အောင်မြင်မှုတွေနဲ့ နီးစပ်လာမှာပါ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

0 comments:

Post a Comment